Monday, 27 August 2012

ထိုင်းနှင့် နယ်စပ်ဒေသဆိုင်ရာ ဆွေးနွေးပွဲပြန်လည်စတင်ရန် မြန်မာသဘောတူ

ချင်းရိုင်၊ သြဂုတ် - ၂၇

နှစ်ကာလကြာရှည်စွာရှိနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဒေသ အရေးကိစ္စများ ဖြေရှင်းနိုင်ရန် ဦးတည်သော ဆွေးနွေးညှိနှိုင်းပွဲများ ပြန်လည်စတင်ရန် မြန်မာအစိုးရက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်သတင်းစာက ကိုးကားရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပြည်တွ

င်းအခြေအနေအရပ်ရပ်မှာ ယခင်ကထက်ပို၍ တည်ငြိမ်လာသောကြောင့် အစိုးရက ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသဆိုင်ရာအရေးကိစ္စများအား အဆုံးသတ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထိုင်း-မြန်မာ ပူးတွဲနယ်စပ်ရေးရာကော်မတီ(JBC) မှ ပူးတွဲ ဥက္ကဌ မစ္စတာ ဗာဆင်တီရာချီယန် ကပြောကြားသည်။

"လာမယ့် အောက်တိုဘာလ၊ ရှေးဟောင်းပုဂံမြို့မှာ JBC ဆွေးနွေးပွဲ ပြန်လည်ကျင်းပဖို့ မြန်မာအစိုးရဘက်က သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နေ့ကျင်းပဖြစ်မလဲဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ထိုင်းနိုင်ငံနှင့် မြန်မာနှင့်လာအို နယ်စပ်ဒေသဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် ၎င်းကပြောကြားသည်။ JBC ဆွေးနွေးပွဲကို လွန်ခဲ့သည့် ၇ နှစ်ခန့်က နောက်ဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံပြည်တွင်းရေး ပြဿနာများကြောင့် ဆွေးနွေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရပ်ဆိုင်းခဲ့သည်။

ယခု အောက်တိုဘာ၊ ပုဂံတွင် ပြန်လည်ကျင်းပမည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံလတ်တလောဖြစ်ပေါ်နေသည့် သောင်းရင်းမြစ်တစ်လျှောက် ပဋိပက္ခကိစ္စကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း မစ္စတာ ဗာဆင်တီရာချီယန် ကပြောကြားသည်။ သောင်းရင်းမြစ်သည် ထိုင်းနိုင်ငံ တက်ခရိုင်နှင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်တို့ကို နယ်စပ်ဒေသအဖြစ် ပိုင်းခြားပေးထားသော မြစ်ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်စစ်ဆေးရေးဂိတ်များ ပိတ်ပင်မှုမှ ကာကွယ်နိုင်ရေးအတွက် နယ်စပ်အရေးကိစ္စနှင့် နိုင်ငံရေးအရေးကိစ္စတို့ကို သီးခြားစီဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟု မစ္စတာ ဗာဆင်တီရာချီယန် ကပြောကြားသည်။ ထို့ပြင် အဆိုပါ မြစ်နှင့် အနည်းဆုံးမီတာ ၂၀၀ ခန့်ဝေးကွာသည့် ဒေသတွင် ကြားခံနယ်မြေတစ်ခုထားရှိရန်လည်း မိမိအနေဖြင့် ဆန္ဒရှိကြောင်း ၎င်းကပြောကြားသည်။

နယ်စပ်ဒေသ ဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းညွှန်ချက်သဖွယ်အသုံးပြုရမည့် နားလည်မှုစာချွန်လွှာ(MoU) တစ်ရပ်ကိုလည်းထည့်သွင်းဆွေးနွေးသွားရန် နှစ်နိုင်ငံ စီစဉ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။ လက်ရှိအနေအထားတွင် သောင်းရင်းမြစ်တစ်လျှောက် ဖြစ်ပေါ်သည့် ပြဿနာများအား ဖြေရှင်းရန် ဖွဲ့စည်းထူထောင်ထားသော နည်းပညာဆိုင်ရာ ပူးတွဲကော်မတီကို ယခင်ကထက်ပိုမိုတက်ကြွစွာ လုပ်ကိုင်လည်ပတ်နိုင်ရန် နှစ်နိုင်ငံစလုံးက ဆန္ဒရှိနေကြသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ၂၄၀၁ ကီလိုမီတာရှည်လျားသည်။
The Voice Weekly

No comments:

Post a Comment