Sunday, 8 July 2012

အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်မှတ်ရေးထိုးခိုင်းခြင်းအား တိုင်ကြားမည်

ပြည်သူများထံက ငွေကြေးများ ကောက်ခံထားပြီး လမ်းကို ဆက်လက်ပြုပြင် ဆောင်ရွက်ပေးခြင်း မရှိသည့်ကိစ္စနှင့် လမ်းပြုပြင်ရေး ဆက်လက် အကောင်အထည် ဖော်ဆောင်နိုင်ရန်ကိစ္စအတွက် ဆွေးနွေး ညှိနှိုင်းတိုင်ပင်ကြသည်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဘာသာရေး အရေးအခင်းအား ဆွေးနွေး သည်ဟု အကြောင်းပြ၍ နောက်နောင် အစည်းအဝေး မပြုလုပ်ပါဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့ခြင်း အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ တိုင်ကြားမည်ဟုသိရသည်။
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
အဆိုပါကိစ္စနှင့် ပတ်သက်၍ လမ်းဖြစ်မြောက်ရေး ကြိုးပမ်းနေသူ ကိုမင်းမောင်မောင်က ““ကျွန်တော်တို့ လမ်းကို ဆက်လက် ခင်းကျင်းနိုင်ဖို့အတွက် ယခင်ရာအိမ်မှူး၊ လမ်းကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ကိုလှိုင်ဝင်းအိမ်မှာ ၁၄-၆-၂ဝ၁၂ ည ၈ နာရီ လောက်က ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ အဲဒါကို ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးကြီးမြင့်က ၁၆-၆-၂ဝ၁၂ ည ၈ နာရီက သူ့ရုံးခန်းကို အခုချက်ချင်း လာခဲ့ပါ။ တွေ့ဆုံညှိနှိုင်းဖို့ရှိတယ် ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး တံဆိပ်နဲ့စာပို့ပြီး ကျွန်တော့်ကိုခေါ်တယ်။
ကျွန်တော် ရောက်သွားတော့ ရပ်ကွက်အတွင်း လူစုလူဝေးနဲ့ အစည်းအဝေး ပြုလုပ်တာတွေ၊    ဆွေးနွေးပွဲ ပြုလုပ်တာတွေကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းက ဘယ်ပုဂ္ဂိုလ်မဆို သူ့ထံက ခွင့်ပြုချက် တောင်းခံပြီးမှ   လုပ်ရမယ်။ ဘယ်သူမှ လုပ်ပိုင်ခွင့်မရှိဘူး။ လုပ်ခဲ့ရင် ဘာသာရေး အရေးအခင်းကို စုဝေးဆွေးနွေးနေကြပါတယ်ဆိုပြီး သတင်းပေးလိုက်ရင် ဘယ်လိုဖြေရှင်းမလဲတဲ့။ ဒါကြောင့် နောက်နောင် အစည်းအဝေး မလုပ်တော့ပါဘူးလို့ ဝန်ခံကတိ လက်မှတ်ရေးထိုးရမယ် ဆိုပြီး  အတင်းအဓမ္မ ခြိမ်းခြောက်ပြီး လက်မှတ်ထိုးခိုင်းပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့   ပြောသည်။
အဆိုပါခြိမ်းခြောက်၍ လက်မှတ်ရေးထိုးခိုင်းခြင်း အပေါ် ကိုမင်းမောင်မောင်နှင့် ဖခင်ဖြစ်သူ ဦးလှခင် တို့က ဇီဇဝါလမ်း ကောင်းမွန်ရန်အတွက် ရိုးသားစွာ ညှိနှိုင်းတိုင်ပင်ခဲ့ကြောင်း ထို့ကြောင့် လက်မှတ်မထိုးနိုင်ကြောင်း ငြင်းဆိုရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြီးမြင့်က ယင်းတို့သားအဖအား မည်သူတာဝန်ယူမလဲ။ တာဝန်ယူမည့်သူ မရှိလျှင် အစည်းအဝေးလုပ်ခဲ့သည့် ကိစ္စအား အရေးယူ ဆောင်ရွက်ရန် အထက်သို့ တင်ပြရလိမ့်မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့သဖြင့် ကိုမင်းမောင်မောင်က ယင်း၏ဆန္ဒမပါဘဲ လက်မှတ် ရေးထိုးပေးခဲ့ရကြောင်း မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြည့်စွက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြီးမြင့်က““အခုကာလက ၃.၆.၂ဝ၁၂ ကတည်းက အရေးပေါ်အဖြစ် သတ်မှတ်ထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ဒီကာလမှာ နိုးကြားနေဖို့ ကိုယ့်မြို့နယ်အတွင်းက ထူးခြားဖြစ်စဉ် မှန်သမျှ စောင့်ကြည့်ဖို့ သတင်းပို့ဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဥပမာ လူမှုရေးအသင်းပဲ ဖြစ်ဖြစ် စည်းဝေးမယ်။ ဆွေးနွေးကြမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာပြီး သတင်းပို့ရပါမယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းက ဘာအကြောင်းအရာအတွက်   ဆွေးနွေးမယ်။ ဘယ်သူတွေက ဦးဆောင်မယ်။ ဘယ်အချိန်လဲ၊ ဘယ်နေရာလဲ စသဖြင့် စာနဲ့ ကျွန်တော့်ဆီမှာ ခွင့်ပြုချက် တောင်းရပါမယ်။ ကျွန်တော်ကတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြရပါမယ်။ ဒီလိုမှမဟုတ်ဘဲ အစည်းအဝေးလုပ်လို့ တစ်ယောက်က ဘာသာရေး အရေးအခင်းဖြစ်ဖို့ တိုင်ပင်နေတာပါဆိုရင် ကျွန်တော် ပြဿနာ တက်ပြီ။ မင်းမောင်မောင်က ကျွန်တော့်ဆီသတင်းမပို့ဘဲ သူ့ဖာသာသူ အစည်းအဝေးခေါ်ပြီး နှစ်ကြိမ်တောင် လုပ်လို့ခေါ်ပြီးသတိပေးပါတယ်။ ပြီးတော့ နောင်ဘာအစည်း အဝေးပွဲမှ မလုပ်တော့ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
ခင်းထားသည့် တဝက်တပျက်လမ်း မြင်ကွင်း
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၅၄ ရပ်ကွက်ရှိ အရှည်ပေ ၁၇ဝဝ ရှိသော ဇီဇဝါလမ်းအား ပြုပြင် ထိန်းသိမ်းနိုင်ရန်   အတွက်ဟု ဆိုကာ လမ်းသူလမ်းသားများထံမှ အိမ်ထောင်စုတစ်စုလျှင် ငွေ ၈၆ဝဝ ကျပ်ဖြင့် ပေ ၁ဝဝဝ စာအတွက်   ကောက်ခံထားသော်လည်း ပေ ၇၂ဝ သာ ခင်းကျင်းထားကြောင်း ထိုလမ်းခင်းရန်အတွက် ဘိလပ် မြေအိတ် ၃၂၇ အိတ်နှင့် သဲ၊ ကျောက်တို့ကို ယခင်ကတွေ့ရသော်လည်း ယခုအချိန်တွင် မည်သည့်ပစ္စည်းမှ မတွေ့ရတော့ကြောင်း၊    စောင့်ဆိုင်းခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း မည်သို့မျှ ဆက်လက် ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း ဇီဇဝါလမ်းနေ ပြည်သူများထံမှ သိရသည်။
Independent News

No comments:

Post a Comment