Tuesday, 10 April 2012

အမင်္ဂလာသတင်းတွေ ကင်းစင်စပြုတဲ့ မြန်မာပြည်



ဒီနေ့ မြန်မာသတင်းတွေကို ဖတ်ရ ကြားရတဲ့အခါမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျနော့်ဦးလေးတစ်ယောက်ကို သတိရမိပါတယ်။
ဦးလေးက အငြိမ်းစားဝန်ထမ်းပါ။ အသက် ၇၀ ၀န်းကျင် ပင်စားစားဆိုတော့ ရေရေရာရာအလုပ်မရှိဘူး။ မနက် နေမထွက်သေးဘူး တခြားသူတွေ အိပ်ကောင်းတုန်း သူ့ခြင်ထောင်ထဲက ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်အေ ရေဒီယိုလိုင်းပေါင်းစုံ ဖမ်းနေတဲ့အသံ ကြားရပြီ။ အိမ်သားတွေ နိုးတာနဲ့ ဘယ်မှာတော့ ဘာဖြစ်သွားတယ်၊ တော်တော်လူပါးဝါတဲ့ကောင်တွေ၊ ပညာမတတ်တဲ့ကောင်တွေ အေး- လုပ်ကြပေါ့ကွာ စသဖြင့် ရေရွတ်ဆဲဆို မေတ္တာပို့တော့တာပါပဲ။ တအိမ်သားလုံးကလည်း ဦးလေးကို ချစ်ရ ကြောက်ရ ဗဟုသုတကလည်း သူ့လောက်မရှိမို့ သူပြောသမျှ ခေါင်းငြိမ့်ရတာပေါ့။

ပင်စင်ယူပြီး ၁၀ နှစ်လောက် ကွယ်လွန်ချိန်အထိ မိုးလင်း မိုးချုပ် ရေဒီယိုတလုံးနဲ့ အဲဒီလို သူနေသွားတာပါ။ သတင်းဌာနတွေ ပြောသမျှ သူ အကုန်ယုံပါတယ်။ တရှဲရှဲမြည်နေတဲ့ မကြည်မလင် ဒီဗီဘီအသံလိုင်းကို ခက်ရာခက်ဆစ်ဖမ်းပြီး ဒီကောင်တွေမှ အမှန်ရတာကွ လုပ်ပါတယ်။ ပြီးရင် စစ်အစိုးရကို ပစ်ပစ်နှစ်နှစ်ဆဲပါတယ်။
အားမရသေးဘူး၊ နေ့လည်ခင်းမှာ အိမ်နီးနားချင်း လမ်းသွားလမ်းလာရှာပြီး သတင်းကို စမြုံပြန်တယ်။ ဒီ မအေပေးတွေ တော်တော် သောင်းကျန်းနေပြီဆိုပြီး မြည်တွန်တောက်တီးတယ်။ ပြောစရာလူကုန်သွားတဲ့အခါ တူ တူမတွေ၊ မြေးမြစ်တွေကို မျက်လုံး ဒေါက်ထောက်ကြည့် အချိုးမကျဘူး ဗျစ်တောက်ဗျစ်တောက်လုပ်တယ်။ အားလုံးက ဘိုးအေကြီးမို့ ဘာမှ ပြန်မပြောဘဲ၊ သူအိမ်ရှေ့ရှိရင် နောက်ဖေးရှောင်ပြေးကြပါတယ်။
ဦးလေးရဲ့ ပင်စင်လစာက ကျပ်တစ်ထောင် မပြည့်ပါဘူး။ သူ့ဝန်ထမ်းဘ၀ကို စိတ်နာပြီး၊ ပင်စင်နာအချိန်တွေကို ရေဒီယိုတစ်လုံးနဲ့ ကုန်လွန်နေရတာပါ။ တစ်နေ့ ဦးလေးညီ ကျနော်တို့ ဦးလေးအငယ် ရန်ကုန်က လာလည်ပါတယ်။ သူကတော့ နိုင်ငံရေးလည်းမရှိ ဟေလားဝါးလား သောက်သောက်စားစားသမားပါ။ သူလာပြီဆိုတာနဲ့ တူတွေ တူမတွေ သူ့အနားမှာ ၀ိုင်းအုံပြီး လုံးနေပါရော။
ပြန်ခါနီးမှာ သူ့အစ်ကိုကို ကြည့်ပြီး စိတ်မကောင်းစွာနဲ့ “အင်း.ငါ့အစ်ကို ကြည့်ရတာ အကုသိုလ်များလိုက်တာကွာ၊ တစ်နေ့တစ်နေ့ သတင်းတွေ နားထောင်လိုက် ဆဲလိုက်၊ ပင်ပန်းလိုက်တာ.၊ ကျန်းမာရေးလည်း တော်တော်ကျသွားပြီ” လို့ ကျနော့်ကို ပြောတယ်။ သူ့အစ်ကိုရှေ့တော့ မပြောရဲပါဘူး။
ကျနော်ကတော့ ဦးလေးနဲ့ အမြဲအဖွဲ့ကျ လေးပေးဖြောင့်သူပါ။ တစ်ခါတလေ ကျနော်က သူ့အရင် ရေဒီယိုဖွင့်ပါတယ်။ ကျနော့် ရေဒီယို ဖွင့်တဲ့အခါ သူငြိမ်နေပြီး၊ နောက်မှ ဘာထူးလဲကွ လုပ်ပါရော။ ကျနော်က သတင်းနည်းနည်းပြောလိုက်ရင် သူ့ထင်မြင်ချက် ဆိုးဆိုးတွေ စက်သေနတ်ပစ်သလို ထွက်လာတာ တရစပ်ပါပဲ။
ကျနော်ကလည်း မဆလခေတ် အလယ်တန်းကျောင်းသားလောက်ကတည်းက ရေဒီယိုရူးပါ။ ၈၈ အရေးအခင်းဖြစ်တော့ ဘီဘီစီ မြန်မာပိုင်းက ကျနော်တို့အတွက် ကိုးကွယ်ရာပေါ့။ နောက်ပိုင်း ၁၅ နှစ်လောက် ရေဒီယိုနဲ့ နေ့ရော ညရော မခွာတမ်းနေခဲ့တာပါ။ လူငယ်တယောက်ဖြစ်ပြီး အဲဒီလောက် ရေဒီယိုတကိုင်ကိုင်ဖြစ်နေတော့ ရပ်ကွက်ထဲမှာ၊ သူငယ်ချင်းတွေကြားမှာ ဒီကောင် မှန်သေးရဲ့လား ဆိုတဲ့ အကြည့်မျိုးတောင် ခံရတဲ့အထိဆိုပါတော့။
ဒါပေမဲ့ ကျနော် ရေဒီယို မြန်မာပိုင်း အစီအစဉ်တွေ နားမထောင်ဖြစ်တာ အခုဆို အနည်းဆုံး ၆ နှစ်လောက် ရှိသွားပါပြီ။ အင်္ဂလိပ်စာအုပ်လေးတွေ မတောက်တခေါက်စဖတ်လာတာ၊ တိုင်းမ် နယူးဝိစ် အီကော်နော်မစ်စ် တို့လို လမ်းဘေး အဟောင်းဆိုင်က မဂ္ဂဇင်းလေးတွေ ဖတ်မကုန်နိုင်တာတွေကြောင့်ပါ။ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို စိတ်ဝင်စားလာတာကြောင့် ရေဒီယိုကို အချိန်မပေးနိုင်တော့တာပါ။ နောက် အင်တာနက် သုံးလာတဲ့အတွက် ထူးခြားတဲ့ သတင်းသိချင်ရင် မြန်မာဝဘ်ဆိုဒ်တွေ ဘလော့ဂ်တွေကနေ ဟိုကြည့်ဒီကြည့်မိတာလောက်ပါပဲ။
ပြင်ပစာတွေ နေ့စဉ် ဖတ်နေသူမို့ မြန်မာသတင်းတွေက ဘာပြောမယ်ဆိုတာ သိနေတယ်လို့ ကိုယ့်ဟာကိုယ် ဘ၀င်မြင့်တာလည်း ပါပါတယ်။ ရေဒီယိုကို ၁၅ နှစ်လောက် အနည်းဆုံး နားထောင်ခဲ့သူမို့ သတင်းတွေ ဘာပြောမယ်ဆိုတာ သိနေတယ်လို့ ထင်တယ်။
ဟုတ်တယ်လေ၊ မြန်မာနိုင်ငံအကြောင်းသတင်းက ဘာများကောင်းရာမွန်ရာရှိမှာလဲ။ ဘယ်နေရာမှာတော့ ရိုက်လိုက်ပြီ၊ တိုက်ပွဲတွေ ဖြစ်နေပြီ၊ အဓမ္မလုပ်အားပေးခိုင်းပြီ၊ ရွာတွေမီးရှို့ပြီ၊ ဘိန်းစိုက်နှုန်းတက်ပြီ၊ ကျောင်းသားတွေ အဖမ်းခံရပြီ၊ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းပြီ၊ ဘုန်းကြီးတွေကို ရိုက်ပြန်ပြီ၊ ကုန်ဈေးနှုန်းတွေကြီး ၀န်ထမ်းတွေ လစာမလောက်၊ ပေါင်းစား ခိုးစားသူတွေက ကြီးပွား၊ စွမ်းအားရှင်က ရမ်းကား၊ ပင်စင်စားတွေ တောင်းစား စတာတွေချည်း အပ်ကြောင်းထပ်အောင် ကြားနေရမှာပဲ။
မြန်မာနိုင်ငံသတင်းတွေနဲ့ ပတ်သက်ရင် ဆရာဒဂုန်တာရာရဲ့ ‘မေ’ ၀တ္ထု နောက်ဆုံးစာသားထဲကလို “အကောင်းကိုရှာ၏၊ အကောင်းကား မရှိတော့ချေ” ဆိုတာလို ကျနော့်စိတ်ထဲ စွဲထင်သွားပါတယ်။ ၁၉၆၂ ကနေ ဒီဘက်ခေတ်အထိ သတင်းဆိုးတွေသာ လွှမ်းနေတဲ့ မြန်မာပြည်လို့ ဆိုရမလိုပါပဲ။ နိုင်ငံတကာမှာလည်း မြန်မာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ဆိုမာလီယား လို နိုင်ငံတွေကို trouble spot တို့ hot spot လို့ ခေါ်ကြပါတယ်။ ပြဿနာနိုင်ငံ အပူသည်နိုင်ငံတွေပေါ့။ ဒီလို နိုင်ငံတွေကနေ ဘာ မင်္ဂလာသတင်းကောင်းများ ထွက်လာစရာရှိမှာတဲ့လဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အရပ်သားအစိုးရကူးပြောင်းချိန်ကစပြီး ဆက်တိုက်ဆိုသလို သတင်းကောင်းတွေ ထွက်လာတယ်။ သမ္မတ မိန့်ခွန်းဟာ အံဩစရာဖြစ်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတယ်။ စီအင်အင် နဲ့ တိုင်းမ်မဂ္ဂဇင်းက အယ်ဒီတာ ဖားရဒ်ဇာကာရီးယား ပြောသလိုဆိုရင် “အာရှနဲ့ အာဖရိကမှာ တရုတ်ကို ‘နိုး’ လို့ ဘယ်သူ ပြောရဲသလဲ၊ မြန်မာပြောတယ်” လို့ ချီးကျူးရတဲ့အထိပါပဲ။
မကြာပါဘူး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်လာတယ်။ NLD ရွေးကောက်ပွဲ ၀င်ဖို့ဆုံးဖြတ်တယ်။ သတင်း လွတ်လပ်ခွင့်တွေ အတော်အတန်ရှိလာတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်။ လွှတ်တော်က အစိုးရကို ဝေဖန်မှုတွေ လုပ်လာတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရှိလာတယ်၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ စည်းရုံးရေး ခရီးတွေ ထွက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် နိုင်တယ်၊ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေ ရုတ်တော့မယ်၊ ဒဲရစ်မစ်ချယ်လ် ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးခန့်မယ်၊ တစ်ဒေါ်လာကို ၈၀၀ ကျပ်နဲ့ တရားဝင် ဈေးညှိတယ်။ ကေအန်ယူ ခေါင်းဆောင်တွေ သမ္မတနဲ့ စကားပြောတယ်။ အနိုင်ရ အတိုက်အခံအမတ်တွေလည်း လွှတ်တော်ထဲ မကြာခင်ဝင်တော့မယ် စသဖြင့်။
ဒီသတင်းတွေကို စီအင်အင်၊ အယ်လ်ဂျားဇီးယား၊ ရိုက်တာ၊ နယူးယော့ခ်တိုင်းမ်၊ နိုင်ငံခြားရေးပေါ်လစီ မဂ္ဂဇင်း၊ ဘန်ကောက်စ်ပို့စ် မှာ နေ့စဉ် အသားပေးဖော်ပြ ရေးသားကြတယ်။ အာရပ်နွေဦးနဲ့ မတူခြားနားတဲ့ မြန်မာ့နွေဦး (Myanmar’s Spring) ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းသစ်အဖြစ် ဖော်ပြကြတယ်။ မြန်မာရဲ့ ကတ္တီပါသစ်ကို သုံးသပ် လေ့လာကြပါတယ်။ 
ရွေးကောက်ပွဲမှာ ပါဝင်လှုပ်ရှားကြတဲ့ မြန်မာပြည်သူတွေရဲ့ တက်ကြွတဲ့အပြုံးမျက်နှာနဲ့ လူထုခေါင်းဆောင်အပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို နိုင်ငံတကာသတင်းရုပ်သံတွေ၊ သတင်းစာတွေ၊ ၀ဘ်ဆိုဒ်တွေ၊ ဖေ့စ်ဘွတ်တွေပေါ်မှာ ပလူပျံအောင် တက်လာတယ်။ မြန်မာလူထုရဲ့ အပြစ်ကင်းစင် တက်ကြွတဲ့ အပြုံးပန်းတွေက နိုင်ငံတကာပြည်သူတွေဆီ ကူးစက်သွားတယ်။ မြန်မာလူထုတွေ မပြုံးနိုင် မရယ်နိုင်တာ ဆယ်စုနှစ် ငါးခုကျော် ကြာခဲ့ပြီလေ။ အခု မြန်မာတွေ ပြုံးလိုက်တော့ တကမ္ဘာလုံး လိုက်ပြုံးကြရတယ်။
ရှေ့မှာ အခက်ခဲတွေ စိန်ခေါ်မှုတွေ အများကြီး စောင့်ကြိုနေပါတယ်။ လွှတ်တော်ဟာ အစိုးရကို checks and balances လုပ်ပြီး အသက်ဝင်စပြုပေမဲ့ အရမ်းနုနေပါသေးတယ်။ အရပ်ဖက် အင်စတီကျူးရှင်းတွေ ယိုယွင်းကျင်ဆင်းခဲ့တဲ့အတွက် နိုင်ငံတည်ဆောက်ရေး ခရီးက ရှည်လျားပါတယ်။ မဲပြား ဖယောင်းသုတ်တဲ့ ပြဿနာလို ဇာတ်လမ်းငယ်တွေ အများကြီး ဆက်လာပါဦးမယ်။
ဒီမိုကရေစီ နိုင်ငံရေးသမားတွေ ဒီမိုကရက်ဖြစ်ဖို့ အချိန်ယူရဦးမှာဖြစ်သလို၊ ပြည်သူတစ်ဦးချင်းစီမှာ နိုင်ငံသားနီတိတွေ၊ ဒီမိုကရေစီ အလေ့အကျင့်တွေနဲ့ နေထိုင်တတ်ဖို့ ဆယ်စုနှစ်ချီ သင်ယူရပါဦးမယ်။ ဒါပေမဲ့ နိုင်ငံတကာ ပညာရှင်တွေကလည်း မြန်မာဟာ အလားအလာရှိတဲ့ လူမျိုး၊ နောင် နှစ် ၂၀ မှာ မြန်မာဟာ အာရှရဲ့ ကျားတစ်ကောင်လို့ သေချာပေါက်ပြောနေတာတွေ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ အခုရက်ပိုင်းမှာ သတင်းဆိုးတွေကို နှစ်ရှည်လများနားထောင်ရင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ အဆိုးမြင်နဲ့ ကွယ်လွန်သွားရှာတဲ့ ပင်စင်စားဝန်ထမ်း ကျနော့်ဦးလေးကြီးကို လွမ်းမိပါတယ်။
"ဦးလေးရေ.. သတင်းတွေ ထနားထောင်ဦးဗျ၊ အမင်္ဂလာတွေချည်း မဟုတ်တော့ဘူး၊ ကျနော်တို့ မြန်မာတွေ ပြုံးနေကြပြီဗျ၊ ကော့မှူးက ကရင်တွေ ရယ်တဲ့အသံကို တကမ္ဘာလုံး ကြားတယ်ဗျာ၊ သူတို့ပါ လိုက်ပြုံး လိုက်ရယ်ကြတယ်၊ အစိုးရကလည်း ပြုံးတတ်ရယ်တတ်တဲ့ အစိုးရဖြစ်လာပြီ၊ မယုံရင် သင်္ချိုင်းက ပြန်လာကြည့်" လို့ သူ့ကို ပြောချင်နေမိပါတယ်။
ဝင့်ထန်း
MAUKKHA

No comments:

Post a Comment