Saturday, 3 March 2012

ပရိသတ်နှင့် အပေးအယူမျှမျှ ဖျော်ဖြေနိုင်ခဲ့သည့် 5 Ladies Show ဖျော်ဖြေပွဲ




e4484 e4484a
လူငယ် အမျိုးသမီး အဆိုတော် ငါးဦးဖျော်ဖြေသည့် 5 Ladies Show ဖျော်ဖြေပွဲကျင်းပရာ အမျိုးသားက ဇာတ်ရုံသို့ ဖေဖော်ဝါရီလ ၂၅ ရက် နေ့ည ၇ နာရီဝန်းကျင်တွင် ရောက်ရှိသွားခဲ့သည်။ ပရိသတ် အင်အားမှာ ယခင်ပွဲများကဲ့သို့ အများအပြား မရှိသော်လည်း အမျိုးသမီး အဆိုတော်များ၏ တစ်ဦးချင်း ပရိသတ်များကတော့ ရောက်ရှိလာခဲ့ကြသည် ။ဖျော်ဖြေပွဲ ကို Lazy Club  တီးဝိုင်းနှင့်အတူ ရန်ကုန်ပရိသတ်နှင့် အတန်ငယ်ကွာဝေး နေသည့် Lဆိုင်းဇီ၏သီဆိုမှုနှင့် စတင်ခဲ့သည်။ သီချင်းအေးလေးများ နှင့် Lဆိုင်းဇီ၏ ဖျော်ဖြေမှုက ငြိမ့်ငြိမ့် ညောင်းညောင်းဖြင့် ပြီးဆုံးစေပြီးနောက် သရုပ်ဆောင်အဆိုတော် ချစ်သုဝေက ဆက်လက်တင်ဆက်ခဲ့သည်။

ချစ်သုဝေ၏ သီချင်းအမြူးများဖြင့် သာမက သီချင်းအေးများဖြင့် သီဆိုဖျော်ဖြေပေးမှုကလည်း ပရိသတ်များအား ရသစုံ ပေးစွမ်းနိုင်ခဲ့သည်။ ချစ်သုဝေ၏ ဖျော်ဖြေမှုတွင် ကိုယ်တိုင်ဂစ်တာ တီးခတ်ကာ သီဆိုပေးခဲ့သည်။ ဆက်လက်၍ အလှည့်ကျ အဆိုရှင်အေသင်ချိုဆွေက စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့သည်။ အေသင်ချိုဆွေက လတ်တလော ထွက်ရှိထားသည့် ‘အနီးဆုံးလူ . . .နမ်းမှာ လား’ တေးစီးရီးမှ သီချင်းအများအပြား သီဆိုခဲ့ပြီး ယခုရှိုးပွဲတွင် အငြိမ်ပုံစံဖြင့်သာ တင်ဆက်သွားခဲ့သည်။ ဆက်လက်၍ ချမ်းချမ်း၏သီဆိုမှုဖြင့် ဖျော်ဖြေရာ ပရိသတ်အကြိုက် တေးသီချင်းများစွာကို ဆက်တိုက် သီဆိုပေးသွားခဲ့သည်။ အဆုံးသတ် ဖျော်ဖြေမှုအဖြစ် စင်မြင့်ထက်သို့ ရောက်ရှိလာသူက ဖြူဖြူကျော်သိန်းပင် ဖြစ်သည်။ ထူးခြားသည့် ပါဖောမန့်စ် တင်ဆက်မှု၊ ၀တ်စားဆင်ယင်မှုတို့ဖြင့် ပရိသတ်အာရုံကို ညှို့ငင်ဖမ်းစားခဲ့ ရုံသာမက ‘လမ်းခွဲ’၊ ‘တတိယမြောက် ရည်းစားစကားနိဒါန်း’၊ ‘ဇာတ်ဆရာအလိုကျ’ စသည့် ပရိသတ်တောင်းဆိုရာ တေးသီချင်းပေါင်း များစွာကို Lazy Club  တီးဝိုင်းနှင့် အတွဲညီညီ သီဆိုပေးသွားခဲ့သည်။
e4484b e4484c ဖျော်ဖြေပွဲကိုနှစ်ပိုင်းခွဲ၍ တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ဖျော်ဖြေနေစဉ်တွင် စင်မြင့်ပုံစံနှစ်မျိုးခွဲ၍ တင်ဆက် ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။ အဆိုတော်များ၏ ဖျော်ဖြေနေချိန်တွင် မူရင်းအဆိုရှင်များ၏ ပုံရိပ်များ အပါအ၀င် လိုက်ဖက်ရာ ဗီဒီယိုဖိုင်လ်များ ကို တင်ဆက်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။
‘‘ဒီပွဲလေးက မိန်းကလေးအဆိုတော်တွေ ချည်းပဲ ထူးထူးခြားခြားစုပြီးဆိုတာ ဖြစ်သလို မိသားစု အေးအေးဆေးဆေး ကြည့်လို့ရတဲ့ပွဲလေးလည်း ဖြစ်တော့ လာကြည့်ဖြစ်သွားတာ။ တချို့ မတ်တပ်ရပ်ကြည့်ရတဲ့ ပွဲမျိုးကျတော့လည်း အေးအေးဆေးဆေး မရှိတာနဲ့ သွားမကြည့်ဖြစ်တာ များတယ်။ ဒီနေ့ပွဲက အဲဒီလိုပဲ သူ့ပရိသတ်နဲ့သူ လာကြည့်ကြတာများတယ်’’ဟု ပရိသတ်တစ်ဦးက ပြောပြခဲ့သည်။
5 Ladies Show ဖျော်ဖြေပွဲကို ည ၁၁ နာရီ ၀န်းကျင်ခန့်တွင် အဆုံးသတ်ခဲ့ပြီး ပရိသတ်နှင့် အဆိုတော်များ အပေးအယူမျှစွာ ဖြတ်သန်းခဲ့သည့် ဂီတညချမ်းလေးပင် ဖြစ်သည်။
EMG

No comments:

Post a Comment