Wednesday, 29 February 2012

NLD ပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် အနုပညာရှင်များလိုက်ပါ၍ မဲပေးပုံမဲပေးနည်း မမှားယွင်းစေရန် ပြည်သူများအား ပညာပေးသရုပ်ဆောင်ပြမည်




ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်
NLD ပါတီ၏ ပါတီစည်းရုံးရေးခရီးစဉ်များတွင် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ လိုက်ပါကူညီရန်နှင့် မဲပေးမှုမမှားယွင်းစေရန် ပညာပေးပြသသွားမည့် အစီအစဉ်များ အကြိုညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ၌ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးညှိနှိုင်းပွဲသို့ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊ ရဲတိုက်၊ ချစ်သုဝေ၊ လင်းလင်း၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ သျီ စသည့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

''ကျွန်တော်တို့ကို ပါတီစည်းရုံးရေးခရီးစဉ်တွေမှာ လိုက်ပါနိုင်ဖို့ ခေါ်ယူဆွေးနွေးတာပါ။ အဓိကကတော့ မြို့နယ်တွေကို စည်းရုံးရေးသွားတဲ့အခါ လိုက်ပါသွားဖို့နဲ့ မဲပေးတဲ့အခါ စနစ်တကျ မဲပေးနိုင်ဖို့နဲ့ ဘယ်ပါတီကိုပဲ မဲပေးသည်ဖြစ်စေ ပယ်မဲဖြစ်မသွားဖို့ မဲပေးမှုစနစ်မမှား ယွင်းစေဖို့အတွက် ပညာပေးရာမှာ ပါဝင်ကူညီရမှာပါ။ စနစ်တကျ မဲပေးဖို့ ပညာပေးမယ့် ပြဇာတ်တွေ ကမယ်။ သီချင်းတွေ ဆိုကြမယ်။ နယ်လှည့်ခရီးစဉ်တွေ လိုက်ပါကြမယ်လို့ သိရပါတယ်။ အသေးစိတ် အစီအစဉ်တွေကတော့ ဆက်လက်ညှိနှိုင်းရဦးမှာပါ''ဟု ဒါရိုက်တာဝိုင်းက ရှင်းပြခဲ့သည်။
''ကျွန်တော်တို့ လောလောဆယ်တော့ ဆွေးနွေးညှိနှိုင်းဆဲအခြေအနေလို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်က လူမှုရေးလုပ်ငန်းတွေ လုပ်လက်စလည်းဖြစ်နေတော့ တခြားအနုပညာရှင်တွေစီစဉ်တဲ့ အခန်းကဏ္ဍလေးတွေမှာ တတ်အားသရွေ့ ပါဝင်သွားမှာပါ''ဟု အဆိုတော် ဆောင်းဦးလှိုင်က ရှင်းပြခဲ့ပါသည်။
စည်းရုံးရေးခရီးစဉ်များတွင် အနုပညာရှင်များ လိုက်ပါကူညီရန်နှင့် မဲပေးမှုစနစ် မမှားယွင်းစေရန် ပညာပေးဖျော်ဖြေမည့် အစီအစဉ်များကို မတ်လ ၁၀ ရက်နေ့ဝန်းကျင်တွင် စတင်ရန်စီစဉ်ထားသည်။
EMG

No comments:

Post a Comment