Monday, 20 February 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်





nldpress
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက်လက်ရှိတွင် မဲဆွယ်စည်းရုံးရေး ကိစ္စများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ သတင်းစာရှင်းလင်းပွဲကို နံနက်၁၁ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိနာယက ဦးတင်ဦးက "ဒီနေ့ကြွရောက်လာကြတဲ့ ပြည်တွင်းက သတင်းစာကိုယ်စားလှယ် သတင်းထောက်များနှင့်တကွ ပြည်ပသတင်းစာကိုယ်စားလှယ် သတင်းထောက်များကို ဖိတ်ကြားရခြင်းအကြောင်းက ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ရွေးကောက်ပွဲမှာ အဓိက အောင်မြင်ရာအောင်မြင်ကြောင်း လုံးပမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းရုံးရေးတွေ ဆင်းနေရတယ်။ ဆက်လက်ပြီးတော့ အောက်ပြည်အောက်နယ်မှာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့က ပြည်သူများကို ကျွန်တော်တို့အဖွဲ့မှာ ပါဝင်တဲ့ကိုယ်စားလှယ်များ၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များအားလုံး အောင်မြင်ရမယ်ဆိုတဲ့ အနေနဲ့ စည်းရုံးရေးဆင်းတဲ့လုပ်ငန်းတွေ လုပ်နေပါပြီ"ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကိစ္စအ၀၀ကို သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဥပဒေပညာရှင် ဦးဥာဏ်ဝင်းအား တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်းမရှိဘဲ သဘာပတိအဖွဲ့နာယက ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမဦးဆုံး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးတို့ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာနယ်ဇင်းမှ မေးမြန်းချက်များကို မဲဆွယ်စည်းရုံးရေးတာဝန်ခံ ဦးဥာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မကိုအဖွားကြီးလို့ခေါ်တာ လက်ခံပါတယ်"ဟု နိုင်ငံရေးပါတီတစ်ခု၏ ပြောကြားချက်အပေါ် မှတ်ချက်ပြုခဲ့ကြောင်း ဦးဥာဏ်ဝင်းက ထည့်သွင်းပြောကြားခဲ့သည်။EMG
  

No comments:

Post a Comment