Tuesday, 21 February 2012

မြန်မာရုပ်ရှင် ဇာတ်ကားများအပေါ် ပရိသတ် စိတ်ဝင်တစား ကြည့်ရှုမှု လျော့ကျလျက် ရှိနေကြောင်း သိရှိရ





e7211 မြန်မာရုပ်ရှင်ဇာတ်ကားများ အပေါ် ပရိသတ် စိတ်ဝင်စားကြည့်ရှုမှုမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ လျော့ကျသွားပြီး ယခင်အားပေးမှု မြင့်တက်ခဲ့သည့် ဟာသဇာတ်ကားများ အပေါ်တွင်လည်း ပရိသတ် စိတ်ဝင်စားမှုမှာ သိသာစွာလျော့ကျ သွားခဲ့ကြောင်း သိရှိရပါသည်။
“အခုရုပ်ရှင်ဇာတ်ကားတွေရဲ့ ဈေးကွက်က တော်တော်လေးကို ငြိမ်သက်နေပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ပရိသတ်ကြည့်တဲ့နှုန်းက ကျလာလိုက်တာ အခုဆိုရင် တော်တော်ကြီးကို ကျဆင်းနေတယ်လို့ ဆိုလို့ရပါတယ်။ အရင်က ဟာသကားဖြစ်မယ်၊ မင်းသားမင်းသမီး များမယ်ဆိုရင် ၀င်ငွေ ကောင်းမယ်ဆိုတဲ့ အစဉ်အလာကလည်း မရှိတော့ပါဘူး။ ပရိသတ်ရဲ့စိတ်ဝင်စားမှု အာရုံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာတွေ ဘက်ကို ပိုများနေလို့ ဖြစ်နိုင်သလို မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ ပုံစံတူရိုက်နေကြတာ တွေကလည်း ငြီးငွေ့သွားစေတာ ဖြစ်မှာပါ” ဟု လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုအုန်းဝင်း က ရှင်းပြခဲ့သည်။

“ပရိသတ်တွေက မြန်မာကားတွေအပေါ် အရမ်းငြီးငွေ့နေကြပါပြီ။ အရင်က ဟာသဆိုရင် လူဝင်တယ် ဆိုတာလည်း ကျွန်တော်ပြောခဲ့သလို အချိန်ကာလတစ်ခု ဖြတ်သန်းပြီးသွားချိန်မှာတော့ အဆင်မပြေနိုင်တော့ ပါဘူး။ အဓိကတော့ သူတို့ကအသစ်ကို လိုလားတောင့်တတယ်။ ဗီဒီယိုတွေမှာလည်း တကယ်ကောင်းတဲ့ကား ငှားကြည့်ရတာ တန်တယ်ထင်တဲ့ ကားမျိုးတွေဆို သူတို့ကြည့်နေကြတာပါပဲ။ ကျွန်တော်တို့ဘက်က အသစ်အသစ်သော ဖန်တီးမှုတွေကိုပေးဖို့ လိုနေပြီလို့ပဲ ယူဆပါတယ်။ အဲဒီလိုသာ သူတို့ကြည့်ခွင့်ရမယ်ဆိုရင် ရုပ်ရှင် ဆိုတာလည်း တစ်ကျော့ပြန်ဦးမော့ လာမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဖန်တီးခွင့်တော့ ရှိရမှာပေါ့လေ”  ဟု ဒါရိုက်တာဝိုင်းက ရှင်းပြခဲ့သည်။
မြန်မာရုပ်ရှင် ဇာတ်ကားများသည် ၂၀၀၅ ခုနှစ် ၀န်းကျင်ခန့်မှ စတင်၍ ဟာသဇာတ်ကားများ အပေါ် ပရိသတ်အားပေးမှု မြင့်တက်လာပြီး နောက် ရုပ်ရှင်ဈေးကွက် အခြေအနေ ပြန်လည်ဦးမော့လာခဲ့ကာ ဟာသ ဇာတ်ကားရိုက်ကူးမှု သည်လည်း များပြားလာခဲ့သည်။ ၂၀၁၁ ခုနှစ် နှစ်လယ်ခန့်မှစတင်၍ ဟာသဇာတ်ကားများ အပေါ် ပရိသတ်စိတ်ဝင်စားမှု ကျဆင်းလာပြီးနောက် ရုပ်ရှင်ရုံများတွင် ပရိသတ်ရရှိမှု အခြေအနေမှာ ထက်ဝက်ခန့် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း အထိ ရုံတင်ပြသရန် ရုပ်ရှင်ဇာတ်ကား သစ်ကား ၂၀ တန်းစီ စောင့်ဆိုင်းလျက် ရှိပြီး ၁၅ ကားမှာ ဟာသဇာတ်ကားများဖြစ်ကာ ဒရာမာဇာတ်ကား ငါးကားပါဝင်သည်ဟု သိရသည်။
EMG

1 comment:

  1. ကောင်းမှမကောင်းတာဘယ်ကြည့်မလဲဇာတ်လမ်းတွေကထပ်နေပြီ

    ReplyDelete