Friday, 17 February 2012

အိုဘားမားက တရုတ်ဒုတိယသမ္မတနှင့် တွေ့ဆုံရာ၌ စီးပွားရေးကိစ္စကို အလေးထားပြောကြား




အမေရိကန်သမ္မတနှင့် တရုတ်ဒုတိယသမ္မတတို့ အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် တရုတ်အနာဂတ်ခေါင်းဆောင်အဖြစ် ယူဆထားသည့် ဒုတိယသမ္မတရှီကျင်ပင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား အနာဂတ်ဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ရှီကျင်ပင်းသည် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်  အမေရိကန်လွှတ်တော်၌ ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ၎င်း၏ ငါးရက်ကြာခရီးစဉ် အတွင်း အမေရိကန်ကုန်သည်ကြီးများအသင်း၌ အဓိကကျသည့် ပေါ်လစီမိန့်ခွန်းတစ်ခုကို ပြောကြားမည်ဟု သိရသည်။
  တရုတ်အနေဖြင့် စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာသကဲ့သို့ ကုန်သွယ်ရေးညီမျှမှု အတွက်လည်း တာဝန်ရှိကြောင်း တရုတ်၏ ကုန်သွယ်ရေးပိုငွေပြမှုကို ရည်ညွှန်း၍ အိုဘားမားက ပြောကြားခဲ့သည်။  အမေရိကန်အတွက် အရေးကြီးသည့် နယ်ပယ်တစ်ရပ်ဖြစ်သော လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်၍ လည်း အိုဘားမားက အလေးပေးပြောကြားခဲ့သည်။ တရုတ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း သာမန်ထက်ဖွံ့ဖြိုးတိုးတက်ခဲ့သည့်အတွက် ကြွယ်ဝမှုနှင့် လွှမ်းမိုးမှုလည်း တိုးတက်လာရာ တာဝန်ယူရမည့် အပိုင်းမှာလည်း ပိုမိုများပြားလာကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
''ကမ္ဘာ့စီးပွားရေးစနစ်နဲ့ ပတ်သက်လို့ လူတိုင်းဟာ တူညီတဲ့စည်းကမ်းတွေအတိုင်း အလုပ်လုပ်နေကြတယ်ဆိုတာ သေချာဖို့ ကျွန်တော်တို့ဟာ တရုတ်နဲ့အတူ အလုပ်လုပ်ချင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။  ရှီကျင်ပင်းကလည်း ၎င်း၏ ခရီးစဉ် အဓိကရည်ရွယ်ချက်မှာ အမေရိကန်-တရုတ်ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် အကျိုးစီးပွားကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဖက်များအဖြစ် တည်ဆောက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အာရှအင်အားကြီးနိုင်ငံ၏ ကွန်မြူနစ်ပါတီ အနာဂတ်ခေါင်းဆောင်နှင့် သမ္မတဖြစ်ရန် မျှော်လင့်ထားသော ရှီကျင်ပင်းအတွက် ၎င်း၏အရည်အချင်းများကို အရောင်တင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကလည်း တရုတ်လက်ရှိသမ္မတ ဟူကျင်တောင်သည် ထိပ်တန်းရာထူးအတွက် ပြင်ဆင်နေစဉ် အလားတူခရီးတစ်ခုကို တာဝန်ယူခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment