Saturday, 11 February 2012

စစ်တွေဆိပ်ကမ်းသို့ ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ပုံမှန်ဆိုက်ကပ်ခွင့်မရသဖြင့် ရေလယ်တွင် ရပ်နားထားရ



စစ်တွေမြို့အနီး ရေလယ်တွင် ရပ်နားနေသော ကုန်တင်သင်္ဘောတစ်စင်းကို တွေ့ရစဉ်
စစ်တွေဆိပ်ကမ်းသို့ ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ပုံမှန်ဆိုက်ကပ်ခွင့်မရသဖြင့် ရေလယ်တွင်ရပ်နားကာ မော်တော်ငယ်များဖြင့် အတင်အချ ပြုလုပ်နေရကြောင်း၊ ယင်းသို့ အဆင့်ဆင့်ပြုလုပ်နေရသဖြင့် မလိုလားအပ်သော ကုန်ကျစရိတ်များရှိနေသဖြင့် ပုဂ္ဂလိက ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားသစ်တစ်ခုကို ဆောက်လုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။


''သင်္ဘောကို ရေလယ်မှာရပ်နားပြီး ကုန်အတင်အချပြုလုပ်တဲ့အခါ မိုးတွင်းဆိုရင် ကုန်ပစ္စည်းပျက်စီးပြီးတော့ ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်။ အခုလိုဆုံးရှုံးမှုတွေကြောင့် သင်္ဘောကုမ္ပဏီတွေက ကုန်တင်ခကိုမြှင့်တင်သလို ကုန်သည်တွေကလည်း ကုန်ပစ္စည်း တွေကို ဈေးနှုန်းမြှင့်တင် ရောင်းရတာပါ။ အဲဒီဒဏ်ကိုခံရတာက စားသုံးသူတွေပါ''ဟု စစ်တွေမြို့မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တွေ၊ ပုသိမ်၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ်၊ ကော့သောင်းစသည့် ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်လျက်ရှိသော မြို့များတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲသော ဆိပ်ကမ်း၊ ငါးဖမ်းစက်လှေ ဆိပ်ကမ်း၊ ကုန်သွယ်ရေကြောင်း ဆိပ်ကမ်းများရှိကြောင်း သိရသည်။

ဆိပ်ကမ်းတံတားတွင် ကုန်ချသဖြင့် ကုန်ကျစရိတ်သည်  တစ်တန်လျှင်ကျပ် ၁၃၀၀ ရှိပြီး ရေလယ်တွင် ကုန်တင်ကုန်ချ ပြုလုပ်ရသောကြောင့် တစ်တန်ကို ကျပ် ၅၀၀၀ ကုန်ကျပြီး တစ်လအတွင်း တန်ချိန် ၁၀၀၀၀ ကျော် အတွက် ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။ ရခိုင်ကမ်းရိုးတန်း စစ်တွေဆိပ်ကမ်းတွင်လည်း ဆိပ်ခံတံတားသစ် ဆောက်လုပ်ရန် လိုအပ်နေကြောင်း၊ ပြည်နယ်လွှတ်တော်တွင် အဆို တင်သွင်းဆွေးနွေးမှုများလည်း ပြုလုပ်နေပြီး တစ်လလျှင် ပုဂ္ဂလိက ကုန်တင်သင်္ဘောရှစ်စင်းခန့် ၀င်ရောက်ကြောင်းနှင့် ကုန်တန်ချိန် နှစ်သောင်းကျော်ကို အတင်အချ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်တွေမြို့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲသော ကမ်းရိုးတန်းသွား သင်္ဘောဆိပ်ခံတံတား သုံးခုရှိကြောင်း၊ အမှတ် (၁)ဆိပ်ခံတံတားမှာ ကုလားတန်မြစ်ဘေးတွင်ရှိပြီး အမှတ်(၂)ဆိပ်ခံတံ တားမှာ ဆတ်ရိုးကျချောင်းအတွင်းတွင်ရှိသဖြင့် ချောင်းအတွင်းသောင်များပေါ်ထွန်းနေသဖြင့် ရေစူးများသောသင်္ဘောများ ဆိုက်ကပ်နိုင်မှုမရှိကြောင်း သိရသည်။
EMG   

No comments:

Post a Comment