Saturday, 11 February 2012

မဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံလုပ်သားများနေထိုင်သည့် ယာယီလူနေအိမ်ဆိုင်ခန်းများ ပြောင်းရွှေ့ပေးနေရ





ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ဆောက်လုပ်နေသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန်အတွက် ဒေသခံလုပ်သားများ၏ ယာယီနေအိမ်များကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါသည်။
မဒေးကျွန်းရေနက်ဆိပ်ကမ်း တွင် အဆောက်အအုံသစ်များတိုးချဲ့ ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့်အပတ်က အဆိုပါနေအိမ်များကို ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလုပ်သားတစ်ဦးထံမှ သိရှိရ သည်။  ''ဆိပ်ကမ်းမှာရှိတဲ့ ဆိုင်ခန်းလေးတွေကို တရုတ်တွေက လာပြီးရွှေ့ခိုင်းပါတယ်။ အရွှေ့ခံရတဲ့ ဆိုင်ခန်းက ၁၀ ခန်းကျော်ရှိတယ်။ ဆိုင်ခန်းတွေက ဈေးဆိုင်ရောင်းချရင်း ဒေသတွင်းကလုပ်သားတွေနေတဲ့ လူနေဆိုင်ခန်းတွေပါ။ တရုတ်ကုမ္ပဏီက ဆိပ် ကမ်းဧရိယာမှာပါတယ်ဆိုပြီး ရွှေ့ခိုင်းလိုက်တာပါ''ဟု ၎င်းကပြောသည်။

ဆိုင်ခန်းများပြောင်းရွှေ့ခံရသည့် ဒေသခံလုပ်သားများ၏ ဆိုင်ခန်းတန်ဖိုးကို ရေနက်ဆိပ်ကမ်းစီမံကိန်းမှ လျော်ကြေးပေးမည်ဖြစ်ပြီး ၎င်းတို့ကို လက်ရှိနေရာမှ တောင်ဘက်နှစ်ဖာလုံခန့်ဝေးသည့် တောင်ကုန်းတစ်ခုပေါ်တွင်နေရာချထားပေးမည်ဖြစ် ကြောင်း ဆိပ်ကမ်းစီမံကိန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။
လက်ရှိရေနံစိမ်းတိုင်ကီများ ဆောက်လုပ်ရန်နေရာမှာ တောင်ကုန်းများဖြစ်နေသည့်အတွက် စက်ယန္တရားများဖြင့် မြေညှိခြင်း၊ ကျောက်တောင်များကို မိုင်းခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် အနီးအနားရှိ လူနေအိမ်များကို အခြားနေရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။ အဆိုပါမြေနေရာများတွင် ရေနံစိမ်းများ သိုလှောင်ထားရှိရန် ဆီတိုင်ကီများ ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင်ဆီတိုင်ကီ(၆) မှာ ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
EMG

No comments:

Post a Comment