Monday, 6 February 2012

အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မီးလောင်မှုကြီးတစ်ခု လှိုင်သာယာမြို့နယ် အလယ်ရွာတွင် ဖြစ်ပွား





431518_319107844793512_114803668557265_834844_1422717833_n
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွှဲ ၁၂ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်က လှိုင်သာယာမြို့နယ် အလယ်ရွာတွင် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြီးကြောင့် ဓနိမိုး၊ ထရံကာ အိမ်ခြေ ၃၀၈ လုံး၊ ပျဉ်ထောင်အိမ် ၃၇ လုံး၊ စုစုပေါင်း အိမ်ခြေ ၃၄၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူအများစုမှာ စက်ရုံဝန်ထမ်းများ၊ လက်လုပ်လက်စား နေ့စားအလုပ်သမားများ နေထိုင်ကြောင်း သိရသည်။


မီးစတင်လောင်ကျွမ်းချိန်မှာ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်အချိန်တွင် စတင်လောင် ကျွမ်းခဲ့ပြီး မွန်းလွဲ၁နာရီ ၃၅မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုး ငြှိမ်းသတ်နိုင်ခဲ့ကာ၊ မီးဘေးသင့်ပြည်သူများအား အဆိုပါကျေးရွာရှိ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ကူညီပေးလျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အောင်ဇေယျာမင်း အခမဲ့ဆေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

'' ဒီမီးလောင်မှုက မီးဖိုမီးကြွင်း မီးကျန်ကနေဖြစ်တာပါ။ မီးလောင်မှု ဖြစ်တဲ့အချိန်မှာ ဖြစ်ပွားတဲ့အိမ်မှာ အိမ်ရှင်တွေမရှိဘူး။ သူတို့ ဈေးရောင်းထွက်နေတယ်လို့ သိရတယ်။ ဈေးရောင်းထွက်ဖို့အတွက် မနက်ပိုင်းမှာ တည်ခဲ့တဲ့မီးကြွင်း၊ မီးကျန်ကြောင့် လောင်ကျွမ်းခဲ့တာဖြစ်တယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အိမ်ကကျေးရွာနဲ့ လယ်ကွင်းရဲ့ အစပ်နားမှာရှိတော့ မီးလောင်မှုဖြစ်တဲ့အချိန်မှာ လယ်ကွင်းဘက်ကတိုက်တဲ့လေကြောင့် မီးလောင်မှု ပိုမိုဖြစ်ပွားရခြင်းဖြစ်တယ်။ နောက်ပြီးတော့ ကျေးရွာအတွင်းမှာ အိမ် ခြေတော်တော်များများက ဓနိမိုး၊ ထရံကာနဲ့ဆောက်ထားပြီး အိမ်ခြေတွေကလည်းစိပ်တော့ လောင်စာပုံစံမျိုး ဖြစ်သွားပြီး မီးလောင်မှုကပိုမို ကြီး သွားစေခဲ့ပါတယ်'' ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

'' အန်တီတို့က မီးတော်တော်မြင့်လာမှ မီး၊ မီးဆိုပြီး အော်သံကြားလို့ သိရတာ။ အဲဒီ အိမ်ပိုင်ရှင်က ၀က်သားတုတ်ထိုး ရောင်းတယ်။ မီးလောင်တဲ့အချိန်မှာ အိမ်မှာဘယ်သူမှ မရှိဘူး။ လေကလည်းတိုက်နေတော့ မီးလောင်တာက အရမ်းမြန်တယ်။ ဘာမှတောင် မကြာလိုက်ဘူး။ အိမ်တွေ ပြာကျသွားတယ်။ မီးလောင်တယ်ဆိုတာသိတာနဲ့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို လမ်းမပေါ်ကို သယ်ပြေးရတယ်။ ဒါတောင်ကျန်ခဲ့တဲ့ဟာတွေ ကျန်ခဲ့သေးတယ်။ အခုဆို နေစရာတောင်မရှိတော့ဘူး။ ဒါပေမယ့် ရပ်ကွက်ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းက လက်ခံပေးထားလို့ တော်သေးတယ်'' ဟု မီးဘေးသင့် ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။


အဆိုပါမီးလောင်မှုသို့ မီးသတ်ကား ၃၅စီး၊ အုပ်ချုပ်မှုယာဉ် ၆စီး၊ ထောက်ကူပြုယာဉ် ၄စီး၊ သူနာပြုယာဉ် ၁စီးတို့ လာရောက်ငြှိမ်းသတ် ခဲ့ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment