Thursday, 19 January 2012

တရုတ်တွင်အင်တာနက်သုံးသူ ၅၁၃ သန်းအထိရှိလာ

တရုတ်တွင် အင်တာနက်သုံးသူအရေအတွက်မှာ ၅၁၃ သန်းမျှရှိလာခဲ့ပြီး ယင်းတို့အနက်မှ ထက်ဝက်ခန့်မှာ ပိတ်ဆို့မှုများကို ကျော်လွှားနိုင်သော နိုင်ငံတကာတွင်သုံးသည့် တွစ်တာမိုက်ခရိုဘလော့ဂ် နှင့်ဆင်တူသည့် ၀ီဘိုဆိုသော မိုက်ခရိုဘလော့ဂ်ကို သုံးကြကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းဇယားများက ဖော်ပြသည်။
တရားမျှတမှုမရှိခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အခြားမကျေနပ်ချက်များကို ဖွင့်ချပျံ့နှံ့စေရာတွင် ၀ီဘိုဟုခေါ်သောဘလော့ဂ်များသည် အထူးပင် ရေပန်းစားနေသည်။

၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူအသစ် ၅၆ သန်းမျှ တိုးပွားလာခဲ့ခြင်းကြောင့် ၅၁၃ သန်းအထိ ရှိလာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင်  အများဆုံးပမာဏဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ၀ီဘိုသုံးစွဲသူမှာ ၆၃ သန်းသာရှိသော်လည်း ၂၀၁၁ အကုန်တွင် သန်း ၂၅၀ အထိ တိုးလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဝီဘိုဘလော့ဂ်စနစ်မှာ သတင်းအချက်အလက်များ၊ ဓာတ်ပုံများတင်ရာတွင် အထူးမြန်ဆန်လွယ်ကူသောကြောင့် အသုံးများလာခြင်းဖြစ်သည်။ တရုတ်ကျည်ဆန်ရထားတိမ်းမှောက် မှုသတင်းမှာလည်း ၀ီဘီုဘလော့ဂ်သုံးသူတစ်ဦးထံမှ စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ တရုတ်တောင်ပိုင်း ၀ူကန်ကျေးရွာတွင် မြေယာသိမ်းမှုများနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများ စတင်ပျံ့နှံ့ခဲ့သည်မှာလည်း ယင်းဘလော့ဂ်များမှဖြစ်ပြီး တရုတ်ခေါင်းဆောင်ပိုင်းက အာရုံစိုက်ကိုင်တွယ်ရသည်အထိဖြစ်ခဲ့ကာ ရွာသားများဆန္ဒအောင်မြင်ခဲ့သည်။
By EMG  

No comments:

Post a Comment