Thursday, 19 January 2012

အင်တာနက်မှ တိုက်ရိုက်ချိတ်ဆက်မှာယူနိုင်မည့် ပြည်တွင်အကြီးဆုံးကားပြပွဲကျင်းပမည်


ပြည်ပမှကားအမျိုးမျိုးအား ဓါတ်ပုံများကြည့်ရှု၍လည်းကောင်း၊ အင်တာနက်နှင့်တိုက်ရိုက်ချိတ်ဆက်၍လည်းကောင်း မှာယူနိုင်မည့် ပြည်တွင်းအကြီးဆုံး ကားပြပွဲကျင်းပမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ သိရှိရသည်။ ကားနှင့်ဆက်စပ်ပစ္စည်းများအား တစ်နေရာတည်းတွင် စုံလင်စွာကြည့်ရှုလေ့လာနိုင်ပြီး ဈေးချိုသာစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟုသိရသည်။


အဆိုပါပြပွဲကို ၁၉.၁.၂၀၁၂ မှ ၂၁.၁.၂၀၁၂အထိ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် နံနက် ၉ နာ ရီမှ ည ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှထုတ်လုပ်သော လူစီးကားအမျိုးမျိုး၊ ခရီးသည်တင်ဘတ်စ်ကားအမျိုးမျိုး၊ လုပ်ငန်းသုံးယာဉ်အမျိုးမျိုး၊ စက်ယန္တယားယာဉ်အမျိုးမျိုး၊ မော်တော်ဆိုင်ကယ်အမျိုးမျိုး၊ ကားအင်ဂျင်ဝိုင်နှင့် ချောဆီများ၊ ကာတာယာများ၊ ကားဘတ္ထရီများ၊ ကားအင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းများနှင့် ကားအပိုပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ “ကားပြပွဲအပြင် လာရောက်သူတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ ထည့်သွင်းထားပါတယ်။ မျက်လှည့်အစီအစဉ်၊ အကအစီအစဉ်တွေပါ ပါဝင်မှာဖြစ်ပါတယ်” ဟု ပြပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်းကားပြပွဲကြီးကို မြန်မာနိုင်ငံတ၀န်းရှိ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသော ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများ၊ ကားဝယ်ရောင်းလုပ်ငန်းများနှင့် ကားဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ တိုက်ရိုက်လာရောက်ပြသရောင်းချသွားမည်ဖြစ်ကြောင်း ကားပြပွဲနှင့်အတူ အမျိုးသားကုန်စည်ပြပွဲကိုပါ တွဲဖက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ၀င်ရောက်ပြသသည့် ကားကုမ္ပဏီတချို့အနေဖြင့် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့်အစီအစဉ်များ ပါဝင်နိုင်ဖွယ်ရှိကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူကသုံးသပ်သည်။
အင်တာနက် ဂျာနယ်

No comments:

Post a Comment