Tuesday, 11 February 2014

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း ငြိမ်းချမ်းစွာ လုပ်ဆောင်မည်ဟု NLD နှင့် ၈၈ ကြေညာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တပ်မတော်နှင့် အတိုက်အခံပါတီ အချို့ကြား သဘောထား ကွဲလွဲမှုအချို့ ရှိနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ငြိမ်းချမ်းစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန် မကြာမီ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ထပ်မံ တွေ့ဆုံပြီး လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်၏ သဘော တစ်ခုတည်းနှင့်ဆိုလျှင် ပြည့်စုံမည် မဟုတ်ဘဲ အဓိက ပြင်ဆင်မည့် အချက်များကှို Stakeholders များအကြား ဦးစွာ သဘောတူညီမှု ရယူရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။


“ကြီးလေးကြီး တွေ့ပြီး အကြို ဆွေးနွေးပွဲ လုပ်ဖို့ လိုတယ်။ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲမျိုး လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များ နေပြည်တော်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီးသန့် တွေ့ဆုံခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊ ငြိမ်းချမ်းစွာ ဆောင်ရွက်ရန်အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော် နည်းလမ်းဖြင့် မရရှိနိုင်ပါက အခြားနည်းလမ်းကို စဉ်းစားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာခဏ ပြောဆိုထားပြီး ၈၈မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းရာ၌ အဖွဲ့အစည်း၊ ခေါင်းဆောင် အသီးသီးအကြား ယုံကြည်မှုမှာ အရေးကြီးဆုံး ဖြစ်ကြောင်း ထောက်ပြ ပြောဆိုထားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရန် အဟန့်အတား တစ်ခုဖြစ်နေသော ပုဒ်မ ၅၉(စ) ကို မပြင်ဆင်ရေးအတွက် လူဦးရေ တစ်သိန်းကျော်က အကြံပြုထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟို ကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောဆိုထားသည်။

အတည်ပြုနိုင်ခြင်း မရှိသေးသော သတင်းများအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖွယ် မရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းအကြား သတင်းများ ထွက်ပေါ်နေသည်။

The Voice Myanmar

No comments:

Post a Comment