Friday, 7 February 2014

မြန်မာနှင့် ၁၅ နိုင်ငံ အိန္ဒိယ သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်

Photo: မြန်မာနှင့် ၁၅ နိုင်ငံ အိန္ဒိယ သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့် 

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ 

အိန္ဒိယရေတပ်က ဦးစီးပြုလုပ်သော မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၆ နိုင်ငံမှ ရေတပ်များ၏ ချစ်ကြည်ရေး စစ်ရေးလေ့ကျင့်မှု (MILAN) ကို အိန္ဒိယ နိုင်ငံပိုင် အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်လျက် ရှိကြောင်း အိန္ဒိယအစိုးရက သတင်း ထုတ်ပြန်ထားသည်။

ယင်းစစ်ရေး လေ့ကျင့်မှုတွင် အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်စပ်နေသော နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ကင်ညာ၊ မလေးရှား၊ မော်ဒိုက်ဗ်၊ မော်ရေးရှပ်၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာ၊ တန်ဇန်းနီးယားနှင့် ထိုင်းနိုင်ငံ စသည့်နိုင်ငံ အသီးသီးမှ ရေတပ်များက အန်ဒမန်နှင့် နီကိုဘာကျွန်းရှိ ဘလဲယား ဆိပ်ကမ်းတွင် ပါဝင် လေ့ကျင့်သွားမည် ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးဟု ဆိုသည်။

၅ ရက်ကြာ ပြုလုပ်မည့် အဆိုပါ ချစ်ကြည်ရေး စစ်ရေးလေ့ကျင့်မှုတွင် လက်တွေ့လေ့ကျင့်မှုများအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အရေးပေါ် အထောက်အပံ့ ပေးနိုင်မှုများနှင့် ပတ်သက်၍ ဟောပြောပွဲတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အန်ဒမန်ကျွန်းရှိ ဘလဲယားဆိပ်ကမ်းတွင် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသော ဒေသတွင်း နိုင်ငံအသီးသီးမှ ရေတပ်များ ၂ နှစ်တစ်ကြိမ် စုစည်းကျင်းပသော ချစ်ကြည်ရေး စစ်ရေးလေ့ကျင့်မှုကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ဒေသတွင်း နိုင်ငံများအကြား ချစ်ကြည်ရေးနှင့် နားလည်မှု တည်ဆောက်နိုင်ရန်အတွက် ဖြစ်ကြောင်း အိန္ဒိယအစိုးရ ရေတပ်က ထုတ်ပြန် ကြေညာထားသည်။

အိန္ဒိယ ရေတပ်မတော်က အဆိုပါ လေ့ကျင့်မှုကို စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည့် လေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၅ နိုင်ငံသာ ပါဝင်ခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် စစ်ရေး လေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်လေ့ကျင့်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment