Friday, 21 February 2014

ဒိုင်လူကြီးကို ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင် ဒဏ်ငွေ ကျပ်ဆယ့်ငါးသိန်း ချမှတ်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ၏ တတိယ ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲအပြီးတွင် ကွင်းလယ်ဒိုင်ကို ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးအား စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဒဏ်ငွေ ကျပ်ဆယ့်ငါးသိန်း ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနှင့် ယင်းဖြစ်ရပ်ကို အရေးယူရန် ဖေဖော်ဝါရီ ၁၉ ရက်နှင့်၂၀ ရက်နေ့တို့တွင် အဖွဲ့ချုပ်ရုံး၌ ယင်းပွဲစဉ်၏ မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုခဲ့သည်။

ပါးရိုက်ခံခဲ့ရသည့် ဒိုင်လူကြီး ဦးလှမင်းကို မေးမြန်းခြင်းနှင့် ဇွဲကပင် အသင်း၏ အသနားခံစာတို့ကို ကြည့်ရှုပြီးနောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် စည်းမျဉ်း အပိုင်း ၂ (Article 49) နှင့် 52(b) ၊ မြန်မာ နေရှင်နယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေးမူ ၁၃ တို့အရ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယင်းအပြင် အဖွဲ့ချုပ်ရှိ ဒိုင်လူကြီးများကိုလည်း ဘောလုံးပြိုင်ပွဲများကို အငြင်းပွားမှုများ ထပ်မံ ဖြစ်ပေါ်ခြင်း မရှိစေရေး သတိထား ကိုင်တွယ်ကြရန်နှင့် အဖွဲ့ချုပ်က ကျင်းပသည့် ဘောလုံး ပြိုင်ပွဲများတွင် ယှဉ်ပြိုင်လျက် ရှိသည့် ကလပ်အသင်း တာဝန်ရှိသူ အားလုံးကိုလည်း သက်ဆိုင်သည့် စည်းမျဉ်းများကို လိုက်နာကြရန် လိုကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားလာခဲ့ပါက ယခုထက် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးအနေနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချမှတ်သည့် မည်သည့် ပြစ်ဒဏ်မျိုးမဆို ခံယူမည်ဟု ပြောကြားထားရာ ပြိုင်ပွဲ ကျင်းပပြီး ၅ ရက်အကြာတွင် ယင်းပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဇွဲကပင်အသင်း အမှုဆောင် အရာရှိချုပ် ဦးအေးမောင်ကြီးက ပြောကြားသည်။

ပါးရိုက်သူ ဦးလှဌေးက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မိသားစုကိုပါ တောင်းပန်ထားခြင်းကြောင့် တရားစွဲဆိုခြင်း မရှိကြောင်း ပါးရိုက်ခံခဲ့ရသည့် ဒိုင်လူကြီး ဦးလှမင်းက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment