Saturday, 1 February 2014

တက္ကသိုလ်ဝင်တန်း အသက် ၆၃ နှစ် အမျိုးသား ဝင်ရောက် ဖြေဆိုမည်


Photo: ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဘတ်ဂျက်မျှ သုံးပေးရန် ဝန်ကြီးဌာနများကို တောင်းဆို

နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေ သုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တောင်းဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို တင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ဘဏ္ဍာငွေ သတ်မှတ်ချက်များတွင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရန် အဓိက ကဏ္ဍများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ထပ်မံတိုးမြှင့်မှု မရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတိုင်းသာ ရှိနေသောကြောင့် အခြားဝန်ကြီးဌာနများ အနေနှင့် မျှဝေသုံးစွဲ သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဆိုသည်။
“နိုင်ငံတော်အတွက် အဓိကကျတဲ့ ကဏ္ဍတွေမှာ တိုးမြှင့်မှုမရှိဘဲ ဒီအတိုင်းသာ ရှိနေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဝန်ကြီးဌာန ၁၀ ခုလောက်က မျှသုံးလိုက်ရင် အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

ကျောင်းသားနှင့် ဆရာအချိုးမှာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တက်လာစေရန် ဆောင်ရွက်ခြင်း မရှိသဖြင့် အချိုးသိသာစွာ မြင့်လာစေရန် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရန်နှင့် ပညာရေး အသုံးစရိတ် လျာထားရာတွင် လိုအပ်ချက် ပြည့်မီသော အစီအစဉ်များကို တိုးမြှင့် သုံးစွဲသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောင်းသားဦးရေ တစ်ထောင်လျှင် မူလတန်းအဆင့်တွင် ဆရာဆရာမ ၃၀ ဦး၊  အလယ်တန်း အဆင့်တွင် ဆရာဆရာမ ၃၄ ဦးနှင့် အထက်အတန်း အဆင့်တွင် ဆရာ ဆရာမ ၂၅ ဦးကိုသာ အသုံးပြုထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ထို့ပြင် ဝန်ကြီးဌာန ၃၄ ခုမှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းတာ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကျပ် ၆၈၅၅ ဒသမ ၇ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

ကော့သောင်း၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုမည့် အသက် ၆၃ နှစ်အရွယ်ရှိ ဦးအောင်ရွှေသည် စာမေးပွဲ ဖြေဆိုရန် လပိုင်း အလိုအထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ် မရသေးဟု ကာယကံရှင် ဦးအောင်ရွှေထံမှ သိရသည်။

၎င်းသည် ၁၉၇၃ ခုနှစ်က တစ်ခါ ဖြေဆိုခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်တော့ရာမှ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်မှ စပြီး ပြန်လည် ဖြေဆိုခဲ့ကြောင်း၊ ဝိဇ္ဇာအတွဲ(၄)နှင့် စိတ်ကြိုက် မြန်မာစာကို ယူထားသော်လည်း ပြန်လည် ဖြေဆိုသည့်နှစ်မှ စပြီး ယခုနှစ် သုံးနှစ်မြောက်အထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ်ကို လက်ဝယ် မရရှိသေးကြောင်း ဦးအောင်ရွှေက ပြောကြားသည်။

“မြို့နယ် ပညာရေးမှူးရုံး၊ တိုင်းပညာရေးမှူးရုံး၊ တက္ကသိုလ်က မြန်မာစာ ဌာနတွေကို မေးတယ်။ သူတို့မှာလည်း မရှိဘူး။ အခုထိ စိတ်ကြိုက် မြန်မာစာကို မလေ့လာရသေးဘူး။ တခြားဘာသာတွေက အခက်အခဲ မရှိဘူး” ဟု ဦးအောင်ရွှေက ဆိုသည်။

တနင်္သာရီတိုင်းတွင် စိတ်ကြိုက် မြန်မာစာဘာသာကို ဖြေဆိုသူမှာ ဦအောင်ရွှေ တစ်ဦးသာရှိပြီး ယင်းပုံနှိပ်စာအုပ်ကို မိမိ ကိုယ်တိုင်လည်း မမြင်ဖူးကြောင်း၊ ဖြစ်နိုင်လျှင်ဘာသာရပ် ပြောင်းပြီး ဖြေဆိုစေ လိုကြောင်း ကော့သောင်း မြို့နယ် ပညာရေးမှူးက ပြောကြားသည်။

ပုံနှိပ်စာအုပ် မရှိသည့်အတွက် မြန်မာ့အလင်းတွင် ပါသည့် စိတ်ကြိုက် မြန်မာစာ ဖြေဆိုပုံ ဖြေဆိုနည်းကိုသာ လေ့လာနေရကြောင်း၊ ယခင် ဒသမတန်း တက်ရောက်စဉ်က စိတ်ကြိုက် မြန်မာစာ ဘာသာကို ယူထားသည့်အတွက် ပြန်ဖြေသည့် အချိန်တွင် ယင်းဘာသာကို ယူလိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ရွှေက ပြောဆိုသည်။

လူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေနှင့် ပညာ၏ တန်ဖိုးကို အလေးအနက် ထားလာရန်၊ ပညာလို အိုသည်မရှိ ဟူသည်ကို သိလာရန် ရည်ရွယ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်ဖြေခြင်း ဖြစ်ကြောင်း ဦးအောင်ရွှေက ဆိုသည်။

ကော့သောင်းမြို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူများသည် သိပံ္ပဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲ(၁)၊ ဝိပ္ပံဘာသာတွဲ (၇) များကိုသာ အများစု ဖြေဆိုကြကြောင်း ကော့သောင်း အ.ထ.က (၁) မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ကြိုက် မြန်မာစာ ဖြေဆိုသူ နှစ်ဦးသာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ရုံးထံမှ သိရသည်။

ဦးအောင်ရွှေသည် လက်ရှိတွင် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းသဘာပတိ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

Dawei Watch
The Voice Weekly

No comments:

Post a Comment