Tuesday, 11 February 2014

အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆၈၂ သန်း ဂျာမနီအစိုးရ လျှော်ပေးမည်

Photo: အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆၈၂ သန်း ဂျာမနီအစိုးရ လျှော်ပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာအစိုးရက ဂျာမနီအစိုးရ အပေါ် တင်ရှိနေသည့် အကြွေးဟောင်း များ၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန် ဒေါ်လာ ၆၂၈ သန်းကို မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိနေသည့် ဂျာမနီ သမ္မတ Mr. Joachim Gauck က ၄င်း၏ ခရီးစဉ်အတွင်း လျှော်ပေးမည်ဖြစ်ကြောင် ဂျာမနီ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အထောက်အပံ့ ဖြစ်စေရန် အတွက် ဂျာမနီအစိုးရက ယင်းသို့ လျှော်ပေးခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာ့ အကြွေးဟောင်းများ လျှော်ပေးမည့် သဘောတူညီချက်ကို ဂျာမနီသမ္မတက ယခုခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။ 

ပါရီကလပ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံသည် ယင်းအဖွဲ့အစည်းမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ထုတ်ချေးထားသော ချေးငွေများ အနက် မှ ၅၀ ရာခိုင်နှုန်းကို လျှော်ပေးခြင်း ဖြစ်ကြောင်း မြန်မာ အစိုးရ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ပါရီကလပ် အဖွဲ့ဝင်နိုင်ငံ အားလုံးက ၄င်းတို့ အားလုံးအပေါ်  မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးဟောင်းများ အနက် ၅၀ ရာခိုင်နှုန်းကို လျှော်ပေးရန် ၂၀၁၃ ခုနှစ် အစောပိုင်းက သဘောတူညီ ခဲ့ကြပြီး အဆိုပါ သဘောတူညီချက်အရ ဂျာမနီနိုင်ငံ သည်လည်း မြန်မာနိုင်ငံအတွက် လျှော်ပေးခြင်း ဖြစ်ကြောင်း  ၄င်းကရှင်းပြသည်။

ပါရီကလပ်၏ သဘောတူညီချက် အရ အသင်းဝင်နိုင်ငံ များက မြန်မာ့ အကြွေးဟောင်း ၅၀ ရာခိုင်နှုန်း ဖြစ်သည့် ၅ဒသမ ၉ဘီလီယံကို လျှော့ချပေးမည် ဖြစ်ပြီး၊ ကျန်ရှိနေသော ၅၀ ရာခိုင်နှုန်းသော အကြွေးများကို ဆပ်ရန် အချိန် နောက်ထပ် ၁၅ နှစ်နှင့် အတိုးကင်းလွတ်ခွင့် ကာလ ခုနစ်နှစ် ထပ်မံတိုးပေးခဲ့ကြောင်း ယင်းအဖွဲ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ တင်ရှိသော ကြွေးဟောင်းစုစုပေါင်း ၁၅ ဘီလီယံ ရှိခဲ့ပြီး၊ ယင်းငွေကြေး၏ သုံးပုံနှစ်ပုံသည် ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများ ထံတွင် တင်ရှိနေခြင်း ဖြစ်သည်။

ပါရီကလပ် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ နော်ဝေနိုင်ငံအပေါ် မြန်မာအစိုးရ တင်ရှိနေသည့် အကြွေးဟောင်း အားလုံး ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို နော်ဝေအစိုးရက လျှော်ပေးထားပြီး ဖြစ်ပြီး၊ ဒိန်းမတ် အစိုးရကလည်း မြန်မာ့ အကြွေးဟောင်း ဒိန်းမတ်ခရိုနာ ၁၉၅ သန်းကို အပြီးတိုင် လျှော်ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံကို အများဆုံးငွေချေး ခဲ့သည့် ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှာ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်သည်။

ပြင်သစ်နိုင်ငံသည်လည်း  မြန်မာအစိုးရ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ပေးသည့် အနေနှင့် မြန်မာအစိုးရက ကျန်ရှိ နေသော ကြွေးဟောင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် အနက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို ပြင်သစ်အစိုးရက လျှော်ပေးထားပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment