Sunday, 26 January 2014

ရွာလုံးကျွတ် ခံစားနေရသော အမည်မသိရောဂါ အဖြေရှာရန် ရေညှိများ ဓာတ်ခွဲခန်းပို့


ကော့သောင်း၊ ဇန်နဝါရီ ၂၅

ကော့သောင်းမြို့နယ် အောင်ဘာ ကျေးရွာအုပ်စု ညောင်ဝိကျေးရွာတွင် ရွာသားများ ခံစားနေရသည့် အမည်မသိ ရောဂါကို အဖြေရှာရန်အတွက် ကမ်းခြေရှိ ပျက်စီးနေသည့် ရေညှိများအား ရန်ကုန်မြို့နှင့် ဘန်ကောက်မြို့တို့ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့ ထားကြောင်း ညောင်ဝိကျေးရွာသို့ သွားရောက် ဆေးကုသပေးသည့် ကော့သောင်း အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကျန်းမာရေး ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

အကြောင်းရင်းမသိရဘဲ နှာခေါင်း ပူစပ်ပူလောင် ဖြစ်ခြင်း၊ မျက်နှာရောင်ပြီး ပူစပ်ပူလောင် ဖြစ်ခြင်း၊ တချို့မှာ ယားယံခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ နှပ်ရည်ကြည် အကျများသူများတွင် သွေးစလေးများ ပါခြင်း၊ မျက်ရည်ပူကျခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရပြီး ရွာသူရွာသားများမှာ ဝေဒနာ သက်သာသည့် အခြေအနေတွင် ရှိနေသော်လည်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို အဖြေရှာရန်အတွက် ပင်လယ်ကမ်းခြေရှိ ပျက်စီးနေသည့် ရေညှိများကို ဓာတ်ခွဲစမ်းသပ်ရန် ပေးပို့ ထားကြောင်း ဒေါက်တာ ခင်မောင်ဝင်းက ပြောကြားသည်။

“ရောဂါလက္ခဏာထဲမှာ ခဲဆိပ်လက္ခဏာ မတွေ့ရဘူး။ ညောင်ဝိမှာ ရှေ့ကမ်း နောက်ကမ်း ရှိတာတောင် ရှေ့ကမ်းမှာပဲ ဒီဝေဒနာ ခံစားရပြီး နောက်ကမ်းမှာတော့ ဘာမှမဖြစ်ဘူး” ဟု ဒေါက်တာ ခင်မောင်ဝင်းက ရှင်းပြသည်။


သာမန်ထက်ပိုသည့် သွေးယား ရောဂါတစ်မျိုး၏ လက္ခဏာနှင့်တူပြီး ပင်လယ်ကမ်းနားမှ တိုက်ခိုက်သည့်လေကို ရှူမိသည့်အခါ ယင်းရောဂါ ဖြစ်သည်ဟု ပြောဆိုသည့်အတွက် လေထုအတွင်း မမြင်နိုင်သည့် အမှုန်အမွှားများနှင့် အခိုးအငွေ့ များကြောင့် ဖြစ်နိုင်သကဲ့သို့ ကမ်းခြေတွင် ယခင်ကထက် ပိုများပြီး လာတင်နေသည့် ရေညှိများ ပျက်စီးရာမှ ထွက်လာသည့် အနံ့အသက် များကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီရောဂါမျိုးက တစ်သက်လုံး ဖြစ်နေတဲ့ ရောဂါမျိုး မဟုတ်ဘူး။ ကောင်းလိုက်ဖြစ်လိုက် ဖြစ်နေမှာပဲ” ဟု ၎င်းက ရှင်းပြသည်။

ရွာသူရွာသားများမှာ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရောဂါ စဖြစ်ပြီး ၁၃ ရက်နေ့တွင် အခြေအနေ ပိုဆိုးလာသည့်အတွက် အောင်ဘာကျေးရွာမှ ကျန်းမာရေးမှူးနှင့် အဖွဲ့က ညောင်ဝိတွင် လူနာ ၁၈၁ ဦးကို စတင်ဆေးကုသမှု ပေးခဲ့ပြီး ၂၀ ရက်နေ့တွင် ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရသည့် လက္ခဏာ မတွေ့ရတော့ကြောင်း ဒေါက်တာ ခင်မောင်ဝင်းက ဆိုသည်။

“ပင်လယ်ပြင်က တိုက်တဲ့လေထဲမှာ တွေ့ရတဲ့ ရေငွေ့တွေကို လက်ဖြန့် ကိုင်ကြည့်တဲ့အခါ ရေငွေ့တွေ လက်မှာမတင်ဘဲ မည်းမည်းအမှုန်တွေ ကပ်ညိပါလာတယ်” ဟု ကျေးရွာ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ယင်းကျေးရွာသည် မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့မှ မြောက်ဘက် မိုင် ၆၀ ကျော် အကွာတွင် တည်ရှိပြီး အိမ်ခြေ ၇၀၊ လူဦးရေ ၂၀၀ ကျော်ရှိကာ တံငါလုပ်ငန်းကို အဓိကထား အသက်မွေးသော ရွာတစ်ရွာ ဖြစ်သည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment