Tuesday, 21 January 2014

လက်ပံတောင်းတောင်အနီး သံဆူးကြိုး ချဲ့ထွင်ခတ်နေခြင်းနှင့်ပတ်သက်၍ နှစ်ဖက်တင်းမာမှုအတွက် ဒေသခံများနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးလျက်ရှိ

Photo: လက်ပံတောင်းတောင်အနီး သံဆူးကြိုး ချဲ့ထွင်ခတ်နေခြင်းနှင့်ပတ်သက်၍ နှစ်ဖက်တင်းမာမှုအတွက် ဒေသခံများနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးလျက်ရှိ

လက်ပံတောင်းတောင်အနီးတွင် သံဆူးကြိုး ချဲ့ထွင်ခတ်နေခြင်းနှင့်ပတ်သက်၍ တောင်သူအချို့က လျော်ကြေးရယူမထားသော မြေယာများပေါ်တွင် သံဆူးကြိုးများ ဆက်လက်ခတ်နေမှုကို ရပ်ဆိုင်းပေးရန်အတွက် မြန်မာ-၀မ်ပေါင်ရုံးရှေ့တွင် သွားရောက်တောင်းဆိုခဲ့ကြပြီး နှစ်ဖက်တင်းမာနေမှုကို ဒေသခံများနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

"သံဆူးကြိုးတစ်ခါခတ်ပြီးသားကို ထပ်ပြီးချဲ့ထွင်ခတ်ဖို့ကြိုးစားလို့ ဒေသခံတွေက သံဆူးကြိုးခတ်မယ့်နေရာမှာ နေ့ရောညပါ စောင့်ကြည့်နေရတယ်။ သံဆူးကြိုးခတ်တာတွေက မြေစာတွေပုံထားတာနဲ့ဖို့ပြီးသွားလို့ နေရာထပ်ချဲ့တဲ့အနေနဲ့ သံဆူးကြိုးတွေချဲ့မယ့် ကွန်ကရစ်တိုင်တွေ သံဆူးလိပ်တွေကို ၀က်မှေးရွာနားက တောင်ခြေရဲကင်းမှာ ချထားတာတွေ့ရလို့ ဇန်န၀ါရီ ၁၅ ရက်က ၀က်မှေးရွာမှ ဒေသခံတွေ သွားပြီးတောင်းဆိုခဲ့တာပါ။ ညှိနှိုင်းစဉ်တုန်းက အဆင်မပြေခဲ့လို့ တောင်ခြေနှစ်နေရာမှာ အလှည့်ကျစောင့်နေကြရတယ်"ဟု လက်ပံတောင်းတောင် အရှေ့မြောက်ဘက်မှ စောင့်ကြည့်လျက်ရှိသည့် ၀က်မှေးကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

သံဆူးကြိုးတိုးချဲ့ခတ်ရန် မြေနေရာသတ်မှတ်ရေး၊ မြေယာလျော်ကြေးတို့အတွက် ဇန်န၀ါရီ ၁၉ ရက်မှစတင်ကာ ဒေသအာဏာပိုင်အချို့နှင့် တောင်သူအချို့ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

သံဆူးကြိုးချဲ့ထွင်မခတ်ရန် သွားရောက်တောင်းဆိုရာတွင် ပါဝင်ခဲ့သူ မသွဲ့သွဲ့ဝင်းက "လျော်ကြေးယူမထားလို့ သံဆူးကြိုးမခတ်ဖို့ မြန်မာ-၀မ်ပေါင်ရုံးရှေ့မှာ ၀မ်ပေါင်ရော ဦးပိုင်ရော ပြည်ထဲရေးရောနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြတယ်။ ဇန်န၀ါရီ ၁၉ရက် မနက်ပိုင်းမှာတော့ တိုင်းဒေသကြီး ရဲမှူးကြီး ဦးတင်ထွန်းနဲ့ မြန်မာ-၀မ်ပေါင်ရုံးအနီးမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ လောလောဆယ်မှာတော့ ဆွေးနွေးဆဲဖြစ်ပါတယ်" ဟုပြောကြားသည်။

လက်ပံတောင်းတောင်ဝန်းကျင်တွင် သံဆူးကြိုးတိုးချဲ့ခတ်ရေး၊ အစီရင်ခံစာပါဒေသခံများနှင့် ညှိနှိုင်းလုပ်ဆောင်ရေး၊ သတ္တုမထွက်သောတောင်များကို မြေစာမပုံရေးတို့အတွက် ဒေသခံအချို့က အာဏာပိုင်များနှင့် ညှိနှိုင်းကာ အဆင်မပြေပါက နေပြည်တော်ရှိ လွှတ်တော်အထိသွားကာ ဆန္ဒပြသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

(လက်ပံတောင်းတောင်အနီးတွင် သံဆူးကြိုးများ တိုးချဲ့ခတ်နေမှုအပေါ် ဒေသခံများ စောင့်ကြည့်နေကြစဉ်)

EMG

No comments:

Post a Comment