Sunday, 19 January 2014

အစိုးရ၏ စနစ်တကျဖြေရှင်းနိုင်မှု အားနည်းသောကြောင့် လယ်သမားပြဿနာ ပိုမိုဆိုးရွားလာ၊ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ရန်ကုန်မြို့တွင် အင်အားအများဆုံးအဖြစ် လယ်သမား ၅၀၀ ခန့် ဆန္ဒပြ

Photo: အစိုးရ၏ စနစ်တကျဖြေရှင်းနိုင်မှု အားနည်းသောကြောင့် လယ်သမားပြဿနာ ပိုမိုဆိုးရွားလာ၊ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး ရန်ကုန်မြို့တွင် အင်အားအများဆုံးအဖြစ် လယ်သမား ၅၀၀ ခန့် ဆန္ဒပြ

အစိုးရဟောင်းလက်ထက်က သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လယ်သမားအရေး ဆောင်ရွက်နေသူများနှင့် လယ်မြေပြန်လည်ရရှိရန် တောင်းဆိုသော လယ်သမားများအား တရားစွဲထောင်ချမှုများ မပြုလုပ်ရေးတို့အတွက် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှ လယ်သမား ၅၀၀ ခန့်စုပေါင်း၍ အင်အားအကြီးဆုံးအဖြစ် ဇန်န၀ါရီ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
    
အဆိုပါဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စသည့် မြို့နယ်များမှ လယ်သမား ၅၀၀ခန့် စုပေါင်းလာရောက်ကြကာ ၎င်းတို့၏လယ်ယာမြေ ဆုံးရှုံးနစ်နာမှုများအတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
    
နိုင်ငံတော်အစိုးရက လယ်ယာမြေလုပ်ပိုင်ခွင့်များ ပြန်လည်ချပေးပြီဆိုသော်လည်း လက်ရှိတွင်မူ လုပ်ပိုင်ခွင့်များမရရှိသေးသည့်အပြင် အမှုဖွင့်တရားစွဲအရေးယူကာ ထောင်သွင်း အကျဉ်းချခံနေရခြင်းများ ရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်သည့်အတိုင်း မလိုက်နာသူများကို အရေးယူပေးရန် စသည့်အချက်များကို တောင်းဆိုကာ ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
 
"ကျွန်တော်တို့ ဒီနေရာကနေ တောင်းဆိုပါတယ်။ တောင်သူလယ်သမားတွေရဲ့ ဘ၀တွေ၊ ဒုက္ခဆင်းရဲတွေကိုမကြည့်ဘဲ သိမ်းဆည်းမြေတွေ ပြန်မပေးတာတွေ၊ လယ်သမားအရေး ဆောင်ရွက်နေသူတွေ၊ လယ်သမားတွေကို ပုဒ်မတွေတပ်ပြီး ထောင်ချတာတွေ မပြုလုပ်ဖို့အတွက် ကျွန်တော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်"ဟု ပဲခူးတိုင်းဒိုက်ဦးမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းခံရသော တောင်သူလယ်သမားတစ်ဦးက ပြောကြားသည်။
 
ဆန္ဒပြသူများက လယ်ယာမြေအရေး လယ်သမားများကိုယ်စား ဆောင်ရွက်နေသူများအား တရားစွဲဆိုထောင်ချနိုင်သော ပုဒ်မ ၄၄၇၊ ၄၂၇ တို့အား အမြန်ဆုံးရုပ်သိမ်းပေးရန်နှင့် ပြည်သူလူထု၏ဘ၀ကို မကြည့်သော အစိုးရဆိုးများအား ဖော်ထုတ်အရေးယူနိုင်သော ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန်လည်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။
    
ယင်းကဲ့သို့ တောင်သူလယ်သမားအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒပြမှုအပေါ် တောင်သူလယ်သမား အရေးဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် People Equality Law Firm မှ ရှေ့နေကိုဖိုးဖြူက "တောင်သူလယ်သမားအရေးနဲ့ပတ်သက်လို့ ဥပဒေတွေကလည်း အာဏာရှင်ဟောင်းတွေ၊ ခရိုနီတွေအတွက် အကာအကွယ်ပေးသလိုပဲ ဖြစ်နေတယ်။ တောင်သူလယ်သမားတွေဘ၀မှာ တော့ထူးခြားမှုတွေ တွေ့မလာရဘူး။ အစိုးရပိုင်းက လျော်ကြေးပြန်ပေးတယ်ဆိုတာကလည်း နဂိုသိမ်းထားပြီးသားနဲ့စာရင် ကရုဏာကြေး၊ သနားလို့ ပြန်ပေးတဲ့ကြေး အဲဒီသဘောမျိုးလောက်ပဲ ရှိတာကိုတွေ့ရတယ်။ သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အစိုးရဟောင်းရဲ့အာဏာကို ဆက်ခံတဲ့ ဒီအစိုးရလက်ထက် သုံးနှစ်တာကာလအတွင်းမှာလည်း ဒီပြဿနာကို ဖြေရှင်းနိုင်မှု မရှိသေးဘူး။ ဒီပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့တော့ နောက်တက်လာမယ့် အစိုးရ ဘယ်အစိုးရတက်တက် စိန်ခေါ်မှု ဖြစ်နေမှာပါပဲ"ဟု သုံးသပ်ပြောကြားခဲ့သည်။                    

(ဇန်န၀ါရီ ၁၈ ရက် မနက်ပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှ လယ်သမား ၅၀၀ ခန့်စုပေါင်း၍ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေကြစဉ်)

EMG

No comments:

Post a Comment