Monday, 30 December 2013

ကမ်းလွန်ပင်လယ်ပြင် ဝေဟင်စိုးမိုးရေး အတွက် မျှော်လင့်စရာ တိုက်လေယာဉ်များ

ဖြစ်ပွားခဲ့ပြီးသော ကမ်းလွန်ပင်လယ် ပဌိပက္ခများ၊ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်းများ၊ ပိုက်လိုင်းများ၊ စသည်တို့အပြင် အထူးစီးပွားရေးဇုံများကြောင့် အိမ်နည်းချင်းနိုင်ငံများနည်းတူ ကမ်းလွန်ပင်လယ်ပြင် စိုးမိုးရေးနှင့် ကမ်းခြေစောင့် တိုက်ခိုက်ရေးတာဝန်များအတွက် သင်္ဘောဖျက်ဒုံးများ သယ်ဆောင်တိုက်ပွဲဝင်နိုင်မည့် အလားအလာရှိသော တိုက်လေယာဉ်များကို ရွေးထုတ်ရေးသားလိုက်ရပါတယ်။
မြန်မာ့ တပ်မတော် လေ၏ လိုအပ်နေသော ပင်လယ်ပြင် ကာကွယ်ရေးအတွက် ဘက်စုံသုံး အမျိုးစား တိုက်လေယာဉ်များနဲ့ ရေပြင်ပစ်ဒုံး သယ်ဆောင်နိုင်သော တိုက်ခိုက်ရေး လေယာဉ်များကို စဉ်းစားမိသလောက် အနေဖြင့်
၁- Mig29SMT(သို့) Mig29M
၂-Mig35
၃-JH-7
၎-JF-7
၅-Su-30M (သို့) J11B တို့ကို ရွေးချယ်လိုက်ပါတယ်။

နံပတ် ၅- Su-30M (သို့) J11B

 


Su-30 4++ မျိုးဆက် တိုက်လေယာဉ်များဟာ ၁၉၈၀ပြည့်လွန် နှစ်များက သန္ဓေတည်ခဲ့တာဖြစ်ပြီး ၁၉၉၆ခုနှစ်များမှာ အများအပြား ထုတ်လုပ်ခဲ့ပါတယ်။ Su-30M များဟာ ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားများ ဖြစ်ပြီး၊ ရုရှားနိုင်ငံ ဆူးခွိုင်းလေယာဉ် ထုတ်လုပ်ရေး ဗျူယိုကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်၊ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ရုရှားနိုင်ငံအပါအဝင် အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ လေတပ်များသာမက ကမ္ဘာ့အနှံ့လေတပ်များမှာ အသုံးပြုပါတယ်။ Su-30M များကို နိုင်ငံအလိုက် တရုတ်နိုင်ငံအတွက် MKK, အိန္ဒိယအတွက် MKI, မလေးရှားအတွက် MKM စသလိုပေးထားပါတယ်။ အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံနဲ့ ပူးပေါင်းကာ နိုင်ငံတွင်းတွင် ထုတ်လုပ်လျက်ရှိပြီး၊ တရုတ်နိုင်ငံက တိုက်ရိုက်မှာယူ တင်သွင်းမှုအပြင် ပုံတူပွား ထုတ်လုပ်တဲ့ J11B အမျိုးအစားကိုလဲ အသုံးပြုပါတယ်။ တစ်စင်းကို ဒေါ်လာ ၃၅သန်းနဲ့ သန်း၆၀ကျော် ကြားတန်ဖိုးရှိ သည်လေယာဉ်တွေဟာ လေကြောင်း တိုက်ပွဲဝင် လှုပ်ရှားမှုတွေမှာ အထူးကောင်းမွန်ပါတယ်။ အဆင့်မြင့် ဝေဟင် မြေပြင် ရေဒါစနစ်တွေ အီလက်ထောနစ်စနစ်တွေ (fly by wire) စနစ်တွေ တပ်ဆင်ထားပြီး အသံထက် ၂ဆခွဲခန့်ထိ အမြန်ဆုံး ပျံသန်းနိုင်ကာ အပိုဆီတိုင်ကီ မပါပဲ လေထဲမှာ ၃နာရီခွဲခန့် ပျံသန်းကာ မိုင်၁၅၀၀ အကွာအဝေးကို လွှမ်းခြုံ စစ်ဆင်နိုင်ပါတယ်။ ပိုင်းလော့ ၁ယောက် သို့မဟုတ် ၂ယောက် မောင်းနှင်နိုင်ပြီး လက်နှက် ချိတ်ဆွဲ တပ်ဆင်ရန် နေရာ စုစုပေါင်း ၁၂နေရာထိ ပါဝင်ပြီး မိုင် ၁၀၀နီးပါးကနေ ပစ်ခတ်နိုင်တဲ့ Kh35၊ Kh59 လို သင်္ဘော ဖျက်ဒုံးတွေ အပါအဝင် ကီလိုမီတာ ၁၀၀၀ ကျော်ထိ ပစ်ခတ်နိုင်တဲ့ ခရုစ်ဒုံးပျံတွေ၊ ကီလိုမီတာ ၁၅၀ခန့်ထိ ပစ်ခတ်နိုင်တဲ့ တီဗီလမ်းညွှန်စနစ်ပါဝင်တဲ့ ဒုံးပျံတွေ၊ လေဆာလမ်းညွှန် ပဲ့ထိမ်းဒုံးတွေ၊ အီလက်ထောနစ်စင်ဆင်ရေးသုံး လက်နှက်အမျိုးမျိုးသာမက ရော့ကတ်များ၊ ဗုံးများ၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးများ ကိုပါ စစ်ဆင်ရေးအလိုက် သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။ အိန္ဒိယထုတ် တိုက်လေယာဉ်များဟာ အိန္ဒိယနိုင်ငံထုတ် လက်နှက်များ သယ်ဆောင်နိုင်ဖို့ အဓိက ထုတ်လုပ်ပြီး စွမ်းဆောင်ရည်ဟာ ရုရှားလုပ်များထက် မနိမ့်ဘူးလို့ ဆိုကြပါတယ်။ တရုတ်နိုင်ငံထုတ် ပုံတူကူး J11B များကတော့ မူလ Su30M များနဲ့ စွမ်းဆောင်ရည်များ ကွာခြားနိုင်ပါတယ်။ သို့သော် ဒေါ်လာ ၂၅သန်း-သန်း၅၀ ခန့်သာ ရှိတဲ့ အတွက် ဈေးနုန်းချိုသာတဲ့ မျိုးကွဲ တိုက်လေယာဉ်များ ဖြစ်ပါတယ်။

J11B


နံပတ်၎-JF-7



 

၂၀၀၇ခုနှစ်မှ စတင်ကာ F-7 တွေ အမြောက်အများ ထုတ်လုပ်ရောင်းချတဲ့ တရုတ်နိုင်ငံ ချောင်ဒူး လေယာဉ် ထုတ်လုပ်ရေးနဲ့ ပါကစ္စတန်နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ လေယာဉ်ဖြစ်ပါတယ်။ အမေရိကန်ရဲ့ F16 ရဲ့ စွမ်းရည်တွေကို စံပြု ထုတ်လုပ်ထားတဲ့ လေယာဉ်၂မျိုးထဲက ဈေးနုန်းချိုသာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက အသုံးပြုပြီး အဆင့်မြင့်တင်ခဲ့ရာမှာ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ပိုမိုအဆင့်မြင့်တဲ့ ရေဒါစနစ်များနဲ့ အီလက်ထောနစ် စနစ်များကို တပ်ဆင်ကာ ၂၀၁၃ခုနှစ်တွင် Block 2 အဖြစ် အဆင်ြ့မင့်တင် ထုတ်လုပ်ခဲ့ပါတယ်။ အသံထက် ၁.၆ဆ အမြန်နုန်းနဲ့ အမြန်ဆုံးပျံသန်းနိုင်ပြီး အပိုဆီတိုင်ကီ မပါဝင်ပဲလျက် မိုင်၈၀၀ခန့် အကွာအဝေးအတွင်း တိုက်ပွဲဝင် စစ်ဆင်နိုင်ပါတယ်။ လက်နှက်ချိတ်ဆွဲရန် ၇နေရာထိ တပ်ဆင်နိုင်ပြီး YJ-12၊ YJ9K ကဲ့သို့ ကီလိုမီတာ ၃၀၀နီးပါးအထိ ပစ်ခတ်နိုင်တဲ့ အကြီးစား သင်္ဘောဖျက်ဒုံးများ၊ C-802A နှင့် C-803 ကဲ့သို့ ကီလိုမီတာ ၁၃၀ ကျော်အထိ ပစ်ခတ်နိုင်တဲ့ သင်္ဘောဖျက်ဒုံးတွေ အပါအဝင် လေဆာလမ်းညွှန်ဗုံးများ၊ ဝေဟင်မှ ဝေဟင်တာတိုပစ် ဒုံးများ၊ ဝေဟင်မှ မြေပြင် ဒုံးများ၊ အီလက်ထောနစ် စစ်ဆင်ရေးသုံး လက်နှက်များ၊ ခရုစ် ဒုံးပျံများကို သက်ဆိုင်ရာ စစ်ဆင်ရေးအလိုက် သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။ သို့သော် နိုင်ငံတကာသာမက ပါကစ္စတန်လေတပ်ကပါ စိတ်တိုင်းကျခြင်း သိပ်မရှိတဲ့ အမျိုးအစားဖြစ်ခဲ့တာကြောင့် ၂၀၁၂-၂၀၁၃ နှစ်များမှာ အဆင့်မြင့်တင်မှုများ ပြုလုပ်ခဲ့ရာမှာတော့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အများအပြား ရရှိခဲ့ပါတယ်။ Block I ဟာ ဒေါ်လာ ၁၅သန်း နဲ့ သန်း၂၀ကြား တန်ကြေးရှိပြီး၊ BlockII ဟာ ဒေါ်လာ ၂၅သန်းကျော် တန်ကြေးရှိပါတယ်။


JF-7 နဲ့အပြိုင် တရုတ်နိုင်ငံထုတ် လေယာဉ်ကတော့ J10 ဖြစ်ပြီး J10B အမျိုးအစားတွေဟာ ဘက်စုံသုံး အမျိုးအစားများဖြစ်ပါတယ်။ အသံထက် ၂.၂ဆ ပျံသန်းနိုင်ပြီး၊ လက်နှက်ချိတ်ဆွဲရန် ၁၁နေရာထိပါဝင်ပါတယ်။ မိုင်၅၀၀  ဝန်းကျင် စစ်ဆင်နိုင်ပြီး  JF-7 ထက်သာလွန်တဲ့ အဆင့်မြင့် လက်နှက်များ သယ်ဆောင်နိုင်ပါတယ်။ ဒေါ်လာသန်း ၃၀-၃၅သန်းခန့် တန်ကြေးရှိပြီး၊ တရုတ်နိုင်ငံရဲ့ ကျောရိုးတိုက်ခိုက်ရေး လေယာဉ် ဖြစ်နိုင်ချေ ရှိတဲ့ လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ 

နံပတ် ၃-JH7 


JH-7A FBC Flying leopardII


 

JH-7 ခေါ် FBC-1 Flying Leopard တိုက်လေယာဉ်များဟာ မြေပြင် တိုက်ခိုက်ရေး ဗုံးကျဲလေယာဉ်များဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်က တရုတ်နိုင်ငံ လေတပ်နဲ့ ရေတပ် အထောက်ကူပြုလေယာဉ် အဖြစ်ထုတ်လုပ် ခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်မှာတော့ အဆင့်မြင့် ရေဒါစနစ်များ၊ fly by wire စနစ်များ၊ လမ်းညွှန်စနစ်သစ်များနဲ့ ဘက်စုံသုံး သဖွယ် အဆင့်မြင့်တင်ခဲ့ပါတယ်။ F-111 ကဲ့သို့ လေယာဉ်ကို စံထား တည်ဆောက်ခဲ့တာမို့ အီလက်ထောနစ် စစ်ဆင်ရေးတိုက်ပွဲ ဝင်နိုင်ပါတယ်။ မြေပြင်တိုက်ခိုက်ရေး နဲ့ ရေပြင် တိုက်ခိုက်ရေး အဓိက ဖြစ်ပြီး၊ တရုတ်နိုင်ငံ ရေတပ်နဲ့ ကြည်းတပ်က အဓိက အသုံးပြုပါတယ်။ တရုတ်နိုင်ငံရဲ့ ဖျက်သိမ်းခဲ့တဲ့ A5 တိုက်ခိုက်ရေး လေယာဉ် တွေနေရာမှာ အစားထိုးခဲ့ပြီး A5 လေယာဉ်များ ဝယ်ယူ အသုံးပြုသူ ပြည်ပနိုင်ငံတွေကို အစားထိုးဖို့ ကမ်းလှမ်းတဲ့ လေယာဉ်အမျိုးအစားဖြစ်ပေမယ့် ဝယ်ယူသူမရှိသေးပါဘူး။ တောင်တရုတ်ပင်လယ်ကဲ့သို့ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ ရေပြင် ပိုင်နက်ကာကွယ်ရေး ရှေ့တန်း တိုက်လေယာဉ်တွေ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ကို မနိမ့်ဘူးလို့ ခန့်မှန်းရပါလိမ့်မယ်။ ၂ယောက်မောင်း အမျိုးအစားတွေဖြစ်ပြီး အသံထက် ၁.၇ဆခန့် ပျံသန်းနိုင်ကာ အမြင့်ပျံ တိုက်ခိုက်ရေးသာမက အနိမ့်ပျံ အနီးကပ် ပစ်ကူပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ရေမိုင် ၂၀၀၀ နီးပါးနဲ့ မြေပြင်မိုင် ၂၀၀၀ ကျော်အထိ ကင်းလှည့်နဲ့ တိုက်ခိုက်ရေး တာဝန်များကို ထမ်းဆောင်နိုင်ပါတယ်။ တောင်ပံအောက်၆နေရာ၊ တောင်ပံထိပ်၂နေရာနဲ့ ကိုယ်ထည်အောက်မှာ လက်နှက်တပ်ဆင် ချိတ်ဆွဲနိုင်ပါတယ်။ C-802Aများ၊ C-803 ကဲ့သို့ တာလတ်ပစ် သင်္ဘောဖျက်များသာမက၊ YJ-12 ကဲ့သို့ သင်္ဘောဖျက်လက်နှက်များကို JF-7 ကဲ့သို့ အထောက်ကူ စနစ်များမလိုပဲ တာဝေးပစ်ခတ်နိုင်ပါတယ်။ တိကျပစ်လက်နှက်များ၊ ခရုစ် ဒုံးပျံများ၊ ရေဒါဖျက်ဒုံးများ၊ ဘန်ကာဖျက် လက်နှက်များ၊ လေဆာလမ်းညွှန်ဗုံးများ သာမက တာတိုပစ် ဝေဟင်မှ ဝေဟင်ဒုံးများ၊ ရော့ကတ်များနဲ့ အဆင်ြ့မင့်ဗုံးများကို စစ်ဆင်ရေးအလိုက် တပ်ဆင် တိုက်ပွဲဝင်နိုင်ပါတယ်။ ၂၀၀၄ခုနှစ်မှာ ပြသခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ထပ်မံ အဆင့်မြင့်ခဲ့တဲ့ အမျိုးအစားကို JF-7A သို့မဟုတ် FBC-2 Flying LeopardII လို့ခေါ်ပါတယ်။ မြန်မာ့လေတပ် A5 များအစား၊ အစားထိုးနိုင်ရန် ကမ်းလှမ်းထားသော အမျိုးအစားဖြစ်ပါတယ်။ JF-7 ဟာ ဒေါ်လာ၁၈သန်းခန့်ရှိပြီး၊ JF-7A ဟာ ဒေါ်လာ၂၅သန်းနဲ့ သန်း၃၀ခန့် တန်ကြေးရှိပါတယ်။

နံပတ်၂ -Mig35



 

မစ်၃၅ လေယာဉ်ဟာ Mig29 လေယာဉ်များရဲ့ နောက်ဆုံးပေါ် မျိုးဆက်ဖြစ်ပြီး 4++ မျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပါတယ်။၂၀၀၇ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ရုရှားနိုင်ငံ မီကိုယမ်း လေယာဉ်ထုတ်လုပ်ရေးရဲ့ အဆင့်မြင့်ဆုံးသော ရေဒါစနစ်များ၊ fly by wire စနစ်များ၊ ပျံသန်းမှု နည်းစနစ်များထည့်သွင်းထားပြီး၊ မြန်မာ့ လေတပ်မတော်က သွားရောက်လေ့လာခဲ့သော လေယာဉ် အမျိုးအစားလဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ကို ကမ်းလှမ်းထားပေးမယ့် ဝယ်ယူခဲ့ခြင်း ရှိမရှိကိုတော့ မသိရပါဘူး။ အသံထက် ၂.၃ဆ အမြန်နဲ့ ပျံသန်းနိုင်ပြီး အပိုဆီတိုင်ကီ မပါပဲ မိုင်၆၀၀ ခန့်အထိ လွှမ်းခြုံ တိုက်ပွဲဝင်နိုင်ပါတယ်။ အဆင့်မြင့် ရေဒါစနစ်များနှင့် ရေဒါဖျက် စနစ်များ တပ်ဆင်ထားခြင်းဟာ ထူးခြားပါတယ်။ လက်နှက်ချိတ်ဆွဲရင် ၉နေရာထိ ပါဝင်ပြီး၊ တာတို၊ တာလတ်ပစ် ဝေဟင်မှ ဝေဟင်ဒုံးများ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးများ၊ ခရုစ်ဒုံးပျံများ၊ လေဆာလမ်းညွှန်ဗုံးများ၊ ရော့ကတ်များသာမက Kh35၊ Kh59 ကဲ့သို့ သင်္ဘောဖျက် ဒုံးပျံများကို ရေမိုင် ၁၀၀ခန့် အကွာအဝေးကနေ ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ ဒေါ်လာ ၃၅သန်းဝန်းကျင် တန်ကြေးရှိပါတယ်။

နံပတ် ၁ -Mig29M


Mig29-M


Mig29M အမျိုးအစားများဟာ မူလ Mig29များကို တာဝေးစစ်ဆင်နိုင်မှု၊ အဆင့်မြင့် လက်နှက်များ သယ်ဆောင်နိုင်မှု၊ ဘက်စုံသုံး တိုက်လေယာဉ် အင်္ဂါရပ်များနှင့် ညီညွတ်အောင် အဆင့်မြင့်တင် ထုတ်လုပ်ခဲ့သည့် အမျိုးအစားဖြစ်ပါတယ်။ ရုရှားနဲ့ အိန္ဒိယ လေတပ်များတွင် အသုံးပြုနေသည့် အမျိုးအစားများဖြစ်ပြီး ကမ္ဘာအနှံ့က Mig29 အသုံးပြုသူများကို အဆင့်မြင့်တင်ပေးသည့် အမျိုးအစားလဲ ဖြစ်ပါတယ်။ အသံထက် ၂.၃ဆခန့် ပျံသန်းနိုင်ပြီး မိုင်၁၂၀၀ ခန့်ကို လွှမ်းခြုံ တိုက်ပွဲဝင် စစ်ဆင်နိုင်ပါတယ်။ လက်နှက်ချိတ်ဆွဲရန် ၈နေရာထိ ပါဝင်ပြီး တာတို၊ တာလတ်ပစ် ဝေဟင်မှ ဝေဟင်ပစ် ဒုံးများသာမက၊ အဆင့်မြင့် လေဆာလမ်းညွှန်ဗုံးများ၊ ရော့ကတ်များသာမက Kh35ကဲ့သို့ သင်္ဘောဖျက်ဒုံးများ၊ ရေဒါဖျက် ဒုံးများကို သယ်ဆောင်တိုက်ပွဲ ဝင်နိုင်ပါတယ်။ အသစ်ထုတ်တဲ့ M အတန်းအစားများမှာ ရေဒါဖိဖျက် စနစ်များပါဝင်တဲ့ အတွက် အီလက်ထောနစ် တိုက်ပွဲ ဝင်နိုင်ပါတယ်။ ဒေါ်လာ ၂၇သန်းကနေ သန်း၃၀ကြား တန်ကြေးရှိပါတယ်။  Mig29M2 အမျိုးအစားများဟာ Mig35 များနည်းတူ တိုက်ပွဲဝင် စွမ်းဆောင်ရည်များ ပေးနိုင်အောင် အဆင့်မြင်တင်ထားပါတယ်။ 


Mig29M မဟုတ်တဲ့ အခြားသော Mig29 စနစ်များကို Mig29SMT အဖြစ် မောင်းနှင်မှု စနစ်များ၊ လက်နှက်စနစ်များ၊ လမ်းညွှန်စနစ်များ၊ ပျံသန်းမှု စနစ်များ အဆင့်မြင့်နိုင်ပြီး၊ သည်လို အဆင့်မြင့်တင်တဲ့ အမျိုးအစားတွေမှာတော့ fly by wire စနစ်များ တပ်ဆင်ထားနိုင်ခြင်းနဲ့ အီလက်ထောနစ် စစ်ဆင်မှုများ အားနည်းတဲ့ အတွက် အကန့်အသတ်နဲ့သာ စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ M ကဲ့သို့ အဆင့်မြင့် လက်နှက်များ သယ်ဆောင်တိုက်ပွဲ ဝင်နိုင်မှာဖြစ်ပေမယ့် ပျံသန်းမှုမှာတော့ M များထက် စွမ်းရည်အနဲငယ်နည်းပြီး လက်နှက်ချိတ်ဆွဲရန် နေရာများက မူလအတိုင်း ၆နေရာသာ သယ်ဆောင်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံက မူလ Mig29 များကို Mig29UBT အဖြစ် အဆင့်မြင်တင်ခဲ့ပြီး SMT များနဲ့ တူညီပါတယ်။ မြန်မာ့လေတပ်သုံး Mig29B များနဲ့ Mig29SE များကိုလဲ Mig29UBT သို့မဟုတ် Mig29SMT အဖြစ် အဆင့်မြင့်တင်နိုင်ခဲ့ရင် Kh35 ကဲ့သို့ သင်္ဘောဖျက် ဒုံးများ သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။
စင်ကာပူ တပ်မတော်၏ ရေပြင်ကင်းလှည့် တိုက်ခိုက်ရေး လေယာဉ် Fokker50
မျှော်မှန်းနိုင်ဖွယ် ရှိတဲ့ လေယာဉ်များကို ရွေးထုတ်ရာမှာ မြန်မာနိုင်ငံအပေါ် ရှိနေဆဲ ပိတ်ဆို့မှု အစီစဉ်များကြောင့် ဥရောပနဲ့ အနောက်နိုင်ငံသုံး လေယာဉ်များကို ထည့်သွင်းစဉ်းစားထားခြင်း မရှိတဲ့အပြင်၊ လက်ရှိအသုံးပြုနေဆဲ လေယာဉ်စနစ်များ၊ နည်းပညာများ၊ ပြင်ဆင်နိုင်မှု အဆင့်အတန်းများကို ထည့်သွင်းစဉ်းစားကာ ရွေးထုတ်ရေးသားထားတာ ဖြစ်ပါတယ်။ မြေပြင် သတင်းများနှင့် ရရှိဘက်ဂျက်အခြေအနေများကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသလို ဝေဖန်သုံးသပ်ထားခြင်း မလုပ်ထားပါဘူး။ ဒါ့ကြောင့် မြေပြင် သတင်းများ၊ ကောလဟာလများ၊ ဘက်ဂျက် အခြေအနေများကို စာဖတ်သူများ သိရှိကြားသိရသလိုသာ ထည့်သွင်းကာ စဉ်းစားဆုံးဖြတ်ကြစေလိုပါတယ်။ မြန်မာ့ ပင်လယ်ပြင်နဲ့ ကမ်းလွန်ကာကွယ်ရေးအတွက် ပင်လယ်ပြင် ကင်းထောက် လေယာဉ်များနဲ့ အဆင့်မြင့် တိုက်လေယာဉ်များ လိုအပ်နေတာကတော့ အမှန်ပဲဖြစ်ပြီး မဖြစ်မနေ ဖြည့်တင်းရမယ့် အခြေအနေလဲ ဖြစ်ပါတယ်။ သို့သော် ဘယ်သောအခါမှာ မည်သို့လေယာဉ် အမျိုးအစားများနဲ့ ဖြည့်တင်းတာဝန် ထမ်းဆောင်ကြမည်ကတော့ စောင့်စားကြရုံသာ ရှိပါတယ်။ ကျန်းမာချမ်းသာကြပါစေ။ 

Myanmar Defence Weapons

No comments:

Post a Comment