Saturday, 21 December 2013

ဆီးရီးယားရှိ အယ်လ်ကေဒါ လျှို့ဝှက်ထောင်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါ်ပေါက်

Photo: ဆီးရီးယားရှိ အယ်လ်ကေဒါ လျှို့ဝှက်ထောင်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါ်ပေါက်

ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၈

ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေဒါ လျှို့ဝှက် အကျဉ်းထောင်များတွင် နှိပ်စက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ အစီရင် ခံစာကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှုရှိသော အဖွဲ့များက ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေပြီး ကလေးသူငယ်များကို ကြာပွတ်များဖြင့် ပြင်းထန်စွာ ရိုက်နက်ခြင်းများလည်း လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အလတ်ပိုနှင့် အယ်ရာကွာ ဒေသများကို ဂျီဟတ်အုပ်စု တစ်ခုဖြစ်သော အိုက်စစ်အဖွဲ့က လွှမ်းမိုးထားပြီး ယင်းအဖွဲ့၏ ရက်စက်မှုများကို ဒေသခံများ ရင်ဆိုင် ခံစားနေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းဒေသများအတွင်း အိုက်စစ်အဖွဲ့၏ ထိန်းသိမ်းရေးစခန်း ခုနစ်ခုထိ ရှိကြောင်း Amnesty အဖွဲ့၏ အစီရင်ခံစာဖြစ်သော အကြောက်တရားဖြင့် လွှမ်းမိုးမှု- ဆီးရီးယားမြောက်ပိုင်း ထိန်းသိမ်းရေးစခန်း များတွင် ဖြစ်ပွားနေသော အိုက်စစ်အဖွဲ့၏ အလွဲသုံးစားပြုမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အိုက်စစ်အဖွဲ့ ထိန်းသိမ်းခံရ သူတွေထဲမှာ ကလေးငယ်တွေ ပါဝင်ပြီး လူကြီးတွေနဲ့ အတူရော ဖမ်းထားတယ်။ ရက်စက်၊ လူမဆန်တဲ့ အခြေအနေအောက်မှာ အတူတူ ဖမ်းဆီးခံနေရပါတယ်” ဟု Amnestty Internation အဖွဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးအကဲ ဖီလစ်လူသာက ပြောကြားသည်။

ဖမ်းဆီးခံရသူ အချို့မှာ အစ္စလာမ်ကို ဆန့်ကျင်သည့် ပြစ်မှု များဖြစ်သော ဆေးလိပ်သောက်ခြင်း၊ လက်မထပ်ရသေးခင် လိင်ဆက်ဆံခြင်း စသည့် ပြစ်မှုများဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ပြီး အချို့မှာ ပြိုင်ဘက် လက်နက်ကိုင် အုပ်စုများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဆီးရီးယား တိုက်ပွဲများအကြောင်း ရေးသားဖော်ပြသည့် ဂျာနယ်လစ်များနှင့် အခြားသော တက်ကြွလှုပ်ရှားသူ များကိုလည်း အိုက်စစ်အဖွဲ့က ဖမ်းဆီးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အိုက်စစ်ဂျီဟတ် အုပ်စုကို အာရပ် နိုင်ငံများဖြစ်သော အီရတ်၊ လစ်ဗျား၊ တူနီးရှား၊ ဆော်ဒီအာရေးဗီးယားနှင့် ရုရှားကော့ကေးဆပ်၊ ဥရောပဒေသများမှ နိုင်ငံခြားသား ဂျီဟတ်များဖြင့် ဖွဲ့စည်းထားပြီး ကူညီ ပံ့ပိုးမှုကောင်းစွာ ရရှိသဖြင့် အခြားသော လက်နက်ကိုင် တပ်ဖွဲ့များထက်  စွမ်းရည်ပိုမို ထက်မြက်သည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အိုက်စစ်အဖွဲ့က စစ်ရေးအောင်ပွဲများစွာ ရရှိခဲ့ပြီး အနောက်သြဇာခံ လွတ်လပ်သော ဆီးရီးယား တပ်မတော် တပ်ဖွဲ့ဝင်များကို တိုက်ထုတ်ကာ နိုင်ငံမြောက်ပိုင်း တူရကီနယ်ခြား ဒေသအများစုကို  သိမ်းပိုက်ခဲ့သည်။

အိုက်စစ်အဖွဲ့၏ သြဇာ ကြီးမားလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင် လာခြင်းကြောင့် ယင်းအဖွဲ့နှင့် အခြားသော လက်နက်ကိုင် အဖွဲ့များသို့ ပေးပို့ပေးသော လက်နက် ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် Amnesty Interanational အဖွဲ့က အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။

ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့သည့် ၂၀၁၁ ခုနစ် မတ်လမှစ၍ လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး ဒေသခံ သန်းပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment