Sunday, 17 November 2013

ဇဝန လမ်းဆုံအနီး အမွေဆိုင်ခြံတွင်း နေထိုင်သူများ ဒုတိယအကြိမ် အင်အားသုံး ဖယ်ရှားခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

သင်္ဃန်းကျွန်းမြို့နယ် စ/သုမင်္ဂလာ ရပ်ကွက် လေးထောင့်ကန် လမ်းထောင့်နှင့် ဒေါ်နီလမ်းထောင့်ရှိ သုံးဧကကျော် ကျယ်ဝန်းသည့် မြေကွက်အမှတ် ၆၆ တွင် မြေပိုင်ဆိုင်မှု အမှုရှုံးနိမ့်သည့် လက်ရှိ နေထိုင်သူများကို နိုဝင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ရဲအင်အားနှင့် High Top ဆောက်လုပ်ရေး ကုမ္ပဏီလုပ်သား ၃၀၀ ခန့် အပါအဝင် အင်အား ၄၀၀ ခန့် အသုံးပြုကာ ဒုတိယ အကြိမ်မြောက် ဖယ်ရှားခဲ့ကြောင်း အဆိုပါ ခြံတွင် နေထိုင်သူများက The Voice သို့ ပြောကြားသည်။

အဆိုပါ ဒေါ်နီခြံမြေဝင်းအတွင်း ပိုင်ရှင်ဖြစ်သူ ဒေါ်နီ၏ မြေး၊ မြစ်၊ မိသားစုဝင်များ ဖြစ်သော လူ၂၀၀ ခန့်ကို ဖယ်ရှားရန် ယင်းနေ့ နံနက် ၈ နာရီခွဲခန့်က High Top ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့က အဝါရောင် ပလတ်စတစ် လုံခြုံရေးကြိုးများ ကာရံခဲ့ရာမှ ခြံဝင်း အတွင်း နေထိုင်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြကြောင်း ယင်းခြံဝင်းတွင်း နေထိုင်သူ ဒေါ်နီ၏ မြေး ဒေါ်မိမိမော်က ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားစဉ် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ယင်းခြံတွင်း နေသူ အသက် ၆၅ နှစ်အရွယ် အဘွားအို တစ်ဦးကို လက်ဖြင့် ဆောင့်တွန်းခဲ့ရာမှ မြေပေါ်သို့ လဲကျခဲ့ပြီး ပြန်မထနိုင်သောကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ တင်ပို့ကုသ ထားရကြောင်း ၎င်းက ပြောကြားသည်။


အဆိုပါ မြေဧက ၃ ဒသမ ၁၁၂ ကျယ်သော ဒေါ်နီခြံတွင်း နေထိုင်ကြသော ဒေါ်နီ၏ မြေးမြစ် တော်စပ်သူများနှင့် ဒေါ်နီ၏ ဒုတိယမြောက် ခင်ပွန်းဘက်မှ တူဖြစ်သူတို့ ခြံမြေ ပိုင်ဆိုင်ကြောင်း လွန်ခဲ့ သော ၁၉၉၆ ခုနှစ်မှစ၍ အပြိုင်တရား ရင်ဆိုင်ခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်တွင် ခရိုင်နှင့် တိုင်းတရားရုံး တို့၌ ဒေါ်နီ့ ဒုတိယမြောက် ခင်ပွန်း၏တူ ဦးသန်းထွန်း အနိုင်ရရှိ ခဲ့သော်လည်း တရားရင် ဆိုင်လာသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်ကာ တရားရုံးက အမိန့်ချမှတ် ခဲ့သည်ကို မိမိတို့ မသိရှိရကြောင်း ယင်းခြံဝင်းတွင်း နေထိုင်သူများထံမှ သိရှိရသည်။
“နိုင်ငံတော် ပုန်ကန်နေတဲ့သူတွေ မဟုတ်ဘဲ ရဲအင်အား အများကြီးနဲ့ အခုရက်ပိုင်းအတွင်း နှစ်ကြိမ်ဆက်တိုက် ဖယ်ခိုင်းတယ်။ ခြံထဲမှာ အိမ်ခြေ ၂၀ ရှိပြီး လူဦးရေ ၂၀၀ ကျော်လောက် နေကြတာ။ ချက်ချင်းကြီး ဖယ်ခိုင်းတော့ ကျွန်မတို့ အနေနဲ့ ဘယ်နေရာ သွားနေရမှာလဲ” ဟု ယင်းခြံဝင်းတွင်း နေထိုင်သူ အမျိုးသမီးက ဆိုသည်။

တရားသူကြီး အမိန့်အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ပြီး အမှုနိုင်သူက တရားရုံး၏ ဝရမ်းဖြင့် ခြံစည်းရိုး ခတ်ရန် ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ် တရားရုံးက အဆိုပါ အမှုကို ပြန်လည် စုံစမ်းမှုများ ပြုလုပ်မည် ဖြစ်သောကြောင့် ခြံစည်းရိုး ခတ်ရန် ဆက်လက် ပြုလုပ်တော့မည် မဟုတ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ဘီလစ်က ရှင်းလင်း ပြောကြားသည်။

အမှု ရှုံးသောကြောင့် ခြံဝင်း အတွင်းမှ ပြောင်းရွှေ့ခံ ထားသူများမှာ ပြည်ထောင်စု တရားရုံး လွှတ်တော်ချုပ်နှင့် မြို့နယ် တရားရုံးသို့ အယူခံစာများ တင်ထားသောကြောင့် တရားရုံးက လာရောက် ခြံစည်းရိုး ခတ်ခြင်းကို ခေတ္တရပ်ဆိုင်း ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်နီ၏ မြေးမြစ် တော်စပ်သူ ၁၀၀ ကျော်သည် အဆိုပါ မြေကွက် အတွင်း နှစ်ပေါင်း ၆၀ ကျော်ကြာ နေထိုင်လာခဲ့ပြီး အမှုရင်ဆိုင်စဉ်တွင် ပိုင်ဆိုင်မှု ဂရမ် အထောက်အထားများကို တရားရုံးတွင် ပြသနိုင်ခဲ့ကြောင်း၊ အပြိုင် အမှုရင်ဆိုင်သူ ဘက်မှ ပိုင်ဆိုင်မှု အထောက်အထား များမှာ အတုများ ဖြစ်ကြောင်း ဒေါ်နီ၏မြေး ကိုရှိုင်းက ရှင်းလင်း ပြောကြားသည်။
“မွေးကတည်းက နေထိုင်လာခဲ့တဲ့ ဘိုးဘွားပိုင် မြေကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းပြီး ရှုံးခဲ့တဲ့ အမှုကို အယူခံ ထပ်ဝင်ပြီး ဥပဒေအတိုင်း ရင်ဆိုင်သွားမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သော ဝါတွင်းကာလက အဆိုပါ ခြံဝင်းတွင်း နေထိုင်သူများကို ဖယ်ရှားခိုင်းစဉ် သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ဝင်ရောက် ဖြေရှင်းပေး ခဲ့ကြောင်း၊ လက်ရှိ အမှုအခင်း ဖြစ်နေရာတွင် မိသားစုဝင်များမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ နေထိုင်လာသူများ ဖြစ်ပြီး တရားနိုင်ဘက်မှ အမှုရင်ဆိုင်ခဲ့ရာတွင် အသုံးပြုခဲ့သော ဦးဘသန်း သေစာရင်းမှာ အတုဖြစ်နေကြောင်း၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ယူဆပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများထံ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက မေတ္တာရပ်ခံချက် စာများ ပေးပို့ထားကြောင်း ယင်းအဖွဲ့အစည်းမှ ရုံးအဖွဲ့မှူး ကိုဇော်မင်းက ပြောကြားသည်။

အဆိုပါ ခြံကို ခရိုင်နှင့် တရားရုံးတို့တွင် ၂၀၁၂ ခုနှစ်တွင် လက်ရှိ နေထိုင်သူများက အမှုရှုံးနိမ့်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်နေ့က တရားရုံးမှ ဥပဒေအရ မပိုင်ဆိုင်သော သူများကို ခြံဝင်းတွင်းမှ ဖယ်ရှားပေးရမည် ဖြစ်ကြောင်း စာထွက်ရှိခဲ့ကာ နိုဝင်ဘာလ ၇ ရက်နေ့နှင့် နိုဝင်ဘာလ ၁၅ ရက်နေ့တို့တွင် ဥပဒေအရ ပိုင်ဆိုင်သူက မြေကို တိုင်းတာရန် မြို့နယ် သက်ဆိုင်ရာ အာဏာပိုင်များကို အသိပေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment