Sunday, 10 November 2013

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ တစ်သောင်းဝန်းကျင်ရှိလာ

နိုဝင်ဘာ ၁၀။

နိုဝင်ဘာလ ၉ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တစ်နာရီ မိုင်၂၅၀ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်ခဲ့သော ဟိုင်ယန် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း တစ်သောင်းဝန်းကျင် အထိရှိပြီး ပျောက်ဆုံးသူပေါင်း ထောင်နှင့်ချီနေသည်ဟု အာဏာပိုင်များက ဆိုသည်။ 

မုန်တိုင်းဒဏ်ခံခဲ့ရသောမြို့များ၊ ကျေးရွာအများစုတွင် ပျက်စီးသွားပုံမှာ ဒေသခံများကိုယ်တိုင် မိမိတို့၏ နေရာကို ပြန်လည်ပုံဖော်၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။ 

သေဆုံး၊ ပျောက်ဆုံးသူအများစုသည်  မုန်တိုင်းနှင့်အတူ ရေကြီးမှုများ ဖြစ်လာခဲ့ချိန်တွင် အိမ်များ ပြိုကျခြင်း၊ မြေပြိုခြင်း၊ ရေလှိုင်းရိုက်ခြင်းတို့ကြောင့် အဖိတ်အဆင် များခြင်းဖြစ်သည်။

 ပြည်ထဲရေး ၀န်ကြီးက ဟိုင်ယန်မုန်တိုင်း ဖြတ်သန်း သွားသည့် ဒေသများတွင်း နေထိုင်သည့်  လူပေါင်း တစ်သန်းမျှသည် မုန်တိုင်းဒဏ်ခံရပြီး သေဆုံးမှု ကိန်းဂဏန်းများသည် ရက်အနည်းငယ် ကြာသည့်တိုင်အောင် ဆက်လက် တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။

မနီလာမှ ကုလသမဂ္ဂ၏ OCHA အဖွဲ့မှ ဒေ့ဗ်ကာဒန်က ယခုမုန်တိုင်းသည် ၂၀၀၄ခုနှစ်ဖြစ်ခဲ့သော အိန္ဒိယသမုဒ္ဒရာမှ ဆူနာမီလှိုင်း ရိုက်ခတ်မှုလောက်ပင် ဆိုးရွားကြောင်း ဆိုသည်။  လေတီပြည်နယ် တက်လိုဘန်မြို့သည် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး ယင်းတစ်နေရာတည်း၌ပင် သေဆုံးသူ ရာချီခဲ့သည်။ 

အသက်ရှင်လွတ်မြောက်သူ အချို့က ခုနှစ်မီ တာမြင့်သော ရေလှိုင်းများသည် သူတို့၏ ကလေးများကို  ရိုက်ပုတ်ဆွဲခေါ်သွားခဲ့သည်ဟု ရင်ဖွင့်ပြောဆိုနေကြသည်။ အသက်ရှင်သူများမှာ မိမိတို့ ချစ်နှစ်သက်သူတစ်ဦးဦး ပျောက်ဆုံးသွားအပေါ် တုန်လှုပ်ခြောက်ခြားကာ လမ်းမများတွင် လူပျောက်ရှာနေကြသည်က များလျက်ရှိသည်။ 

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့မှ အထွေထွေအတွင်းရေးမှူး Gwendolyn Pang ၏အဆိုအရ သူတို့ထံ ရောက်လာသည့် စာရင်းများအရ တက်လိုဘန်၊ ဆမာမြို့များသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် နေရာများဖြစ်ကြောင်း သိရသည်။ 

Ref: Reuters

The Myanma Age

No comments:

Post a Comment