Wednesday, 13 November 2013

ရုရှားစစ်ရေယာဉ်များ မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာခြင်းက ထူးခြားမှုရှိ စစ်ရေးကျွမ်းကျင်သူများ သုံးသပ်

Photo By ဧရာဝတီ
ဖိုးစိုးသူ| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံသို့ စစ်သင်္ဘောများရောက်ရှိလာသည်က ထူးခြားသည်ဟု မဆိုနိုင်သော်လည်း အရာရှိစစ်သည် ၃၀၀ ကျော်ပါ ရုရှားစစ်သင်္ဘော သုံးစီး မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရောက်ရှိလာခြင်းကတော့ အနည်းငယ်ထူးခြားသည်ဟု ဆိုနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူအချို့က သုံးသပ်ပြောဆိုလိုက်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်မှ အရာရှိစစ်သည် ၃၅၉ ဦးပါဝင်သည့် စစ်ရေယာဉ် သုံးစီးသည် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ နိုဝင်ဘာ ၁၃ရက် နေ့လည် ၁၂နာရီ ၄၅ခန့်တွင် ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်မှ စစ်ရေယာဉ် ASW Ship (Admiral Vinogradov) သည် နိုဝင်ဘာ ၁၃ ရက်မှ ၁၈ရက်အထိ ခြောက်ရက်ကြာ မြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရုရှားစစ်သင်္ဘောများ လာရောက်သည်မှာ နည်းပါးသည်ဆိုသည့် အချက်ကြောင့် ထူးခြားသည်ဟု ဆိုနိုင်ကြောင်း နိုင်ငံရေး စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က “နည်းနည်းလေးထူးခြားတယ်လို့ ပြောနိုင်တာက ရုရှားက အိန္ဒိယသမုဒ္ဒရာထဲကို လာခဲတယ်။ ရုရှားစစ်သင်္ဘောတွေ၊ ဒီတစ်ခေါက်တော့ ထူးထူးခြားခြား ဒီကိုရောက်လာတယ်။ ဒါမျိုးရှိတယ်။ ဒါကတော့ ထူးခြားတယ်လို့ ပြောလို့ရတယ်။ ထူးခြားတယ်ဆိုတာကတော့ ရုရှားအနေနဲ့ စစ်ရေးဆက်ဆံမှုတွေကို လက်ရှိသမ္မတလက်ထက်မှာ ပိုပြီးတော့လုပ်လာတယ်။ ခြေလှမ်းကျဲလာတယ်လို့ ပြောရမယ်။ နိုင်ငံကြီးလာပြီဆိုတာနဲ့ စစ်အင်အားကြီးလာတာနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ အပြန်အလှန်စောင့်ကြည့်နေကြတာပဲ။ အင်အားကြီးလာတာနဲ့ အမျှ တကမ္ဘာလုံးကို လက်လှမ်းမှီနိုင်ဖို့တော့ ကြိုးစားလာတာပါ။ ဒါဟာလဲပဲ သုံးသပ်ရတာပဲ” ဟု မဇ္ဈိမကို သုံးသပ်ပြသည်။

ယခုရောက်ရှိလာသည့် စစ်ရေယာဉ်သည် ANTISUBMARINE WARFARE SHIP အမျိုးအစားဖြစ်သည်ဟု သိရသည်။ အဆိုပါ သင်္ဘောအမျိုးအစားက သုတေသနသင်္ဘောအမျိုးအစားဖြစ်ပြီး သွားလာသည့် လမ်းကြောင်းတစ်လျှောက်ရှိ ရေအတိမ်အနက်၊ ရေစီးရေလာ၊ ကမ်းတက်နိုင်သည့်နေရာ၊ ကမ်းရိုးတန်းရေတိမ်နေရာ စသည်တို့ကို ချက်ချင်းတိုင်းတာစုနိုင်သော သင်္ဘောအမျိုးအစားဖြစ်သည့်အတွက် နိုင်ငံတိုင်းတွင် အရေးကြီးသည့် သင်္ဘောမျိုးလည်းဖြစ်သည်။

အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်သည့် အောက်လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “အဲဒီ သင်္ဘောတွေလာသွားရင် ဒေတာတွေ အကုန်လုံးစုသွားတာပေါ့။ USA မှာလဲရှိတယ်။ အဲဒီသင်္ဘောတွေက နိုင်ငံတိုင်းနီးပါးရှိပါတယ်။ ကိရိယာတွေတပ်ထားတာပေါ့။ ရေအတိမ်အနက်ဘယ်လောက်ရှိတယ်။ ရေစီးရေလာဘယ်လောက်ရှိတယ်။ ကမ်းရိုးတန်းက ကမ်းတက်နိုင်တဲ့နေရာ ဘယ်နှစ်နေရာရှိတယ်။ ကမ်းရိုးတန်းရေတိမ်ပေါ့နော်။ အဲဒီနေရာတွေ ဘယ်နှနေရာရှိတယ်။ ဒါတွေကို သူတို့က တစ်ခါတည်း တိုင်းသွားတာပဲ။ အဲဒီသင်္ဘောတွေက အရေးကြီးတဲ့ သင်္ဘောတွေ၊ ဒေတာတွေအကုန်လုံးကို ချက်ချင်းစုနိုင်တဲ့ သင်္ဘောတွေဖြစ်တယ်” ဟု မဇ္ဈိမကို ရှင်းပြသည်။

ရုရှားမြန်မာ စစ်ရေးဆက်ဆံရေးထက် အိန္ဒိယနှင့် ရုရှား၏ စစ်ရေးဆက်ဆံရေးက ပိုပြီးမြင့်မားသည့်အတွက် ယခုလာရောက်ခြင်းက အိန္ဒိယဘက်ကို လှည့်လာရင်း အိန္ဒိယနှင့် နီးစပ်သော မြန်မာဘက်ကို ပတ်ဝင်လာသည့် သဘောလည်းဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။

ဦးလှဆွေက “ရုရှားက အိန္ဒိယမှာဆိုရင် ခဏခဏ၀င်တယ်။ အိန္ဒိယနဲ့ရုရှက ကျွန်တော်တို့ထက်ပိုပြီးတော့ ပြေလည်တယ်” ဟုပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းလာသည့်အလျောက် နောက်ပိုင်းတွင် ရုရှားအပါအ၀င် အမေရိကန်ကဲ့သို့ နိုင်ငံကြီးများနှင့်ပါ စစ်ရေးအရ ဆက်ဆံရေးများ ပိုမိုတိုးမြှင့်လာနိုင်ပေမယ့် ကြားနေ၀ါဒဖြင့်သာ ဆက်လက်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။ ထို့အတူ မြန်မာနိုင်ငံသို့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ် အချင်းချင်းသာမက နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း မြန်မာအစိုးရဘက်က ရုရှားစစ်သင်္ဘောလာရောက်ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။

၂၀၁၃ခုနှစ် ဇွန်လအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် ဒုတိယအကြိမ်တွေ့ဆုံစဉ် မော်စကိုနှင့် နေပြည်တော်ကြားတွင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတိုးမြင့်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် ရုရှားစစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်မှာဖြစ်ကြောင်း ပြောဆိုထားသည်။ ထိုပြောဆိုထားသည့်အတိုင်း ရုရှား မြန်မာ သံတမန်အဆက်အသွယ် ထူထောင်သည့် ၆၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညက နေပြည်တော်တွင်ကျင်းပပြီး နှစ်ရက်အကြာတွင် ရုရှားစစ်ရေယာဉ် သုံးစီးသည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
Mizzima News

No comments:

Post a Comment