Monday, 4 November 2013

လက်ပံတောင်းတောင်ဒေသ လယ်တီသိမ်တော်နှင့် စေတီတွင် လုံခြုံရေးအင်အားငါးဆတိုးမြှင့်


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်ထဲရှိ လယ်တီသိမ်တော်နှင့် စေတီတော်ပရဝုဏ် ပတ်ဝန်းကျင်တွင် ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် နိုဝင်ဘာလ ၂ရက်မှစကာ လုံခြုံရေးအင်အား ငါးဆခန့် တိုးမြှင့်ချထားလိုက်ကြောင်း ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုနေရာတွင် ယခင်က ဒုရဲအုပ် တစ်ယောက်နှင့် အခြားအဆင့် (ဒု-ရဲအုပ်လက်အောက်ရဲဝန်ထမ်း) လေးယောက် စုစုပေါင်းငါးယောက်ခန့်သာ လုံခြုံရေး ရယူခဲ့သော်လည်း နိုဝင်ဘာလ ၂ရက် ညပိုင်းမှစတင်ကာ ဒု-ရဲမှူး ဇော်ဝင်းထွန်း ဦးစီး၍ ရဲအရာရှိသုံးဦး အခြားအဆင့် ရဲဝန်ထမ်း ၂၈ ဦးကို တိုးမြှင့်ချထားခဲ့သည်ဟု အဆိုပါရဲဝန်ထမ်းက ဆိုသည်။

တောင်ကြားစေတီနှင့် လယ်တီသိမ်တော်သို့ ခွင့်ပြုချက်မရှိဘဲ ၀င်ထွက်သွားလာခြင်းနှင့် မလိုလားအပ်သည့် လူပုဂ္ဂိုလ်များ ၀င်ရောက်မလာနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ချထားရန် သက်ဆိုင်ရာက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


တောင်ကြားစေတီနှင့် လယ်တီသိမ်တော်မှာ နိုဝင်ဘာလ၂ ရက် မွန်းလွဲပိုင်းက သတ္တုမိုင်းဖောက်ခွဲခြင်းကြောင့် အက်ကွဲသွားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် သံဃာတော် ခြောက်ပါး၊ ဒေသခံတောင်သူ (၇၀) ဦးခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် တောင်ကြားစေတီနှင့် သိမ်တော်အား သွားရောက်ဖူးမျှော်နိုင်ရန်အတွက် သွားရောက်ခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ချထားလိုက်ခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင်အရေး ဦးဆောင် လှုပ်ရှားခဲ့သည့် သံဃာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဥူးသု (ခေါ်)ဥူးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။

သို့သော် ထိုနေ့က ကုမ္ပဏီလုပ်ငန်းခွင်အတွင်း မိုင်းဖောက်ခွဲခဲ့သည်မှာ မှန်ကန်ခဲ့သော်လည်း တောင်ကြား စေတီနှင့် လယ်တီသိမ်တော်မှာ ထိခိုက်ပျက်စီးခြင်း တစ်စုံတစ်ရာမှ မရှိကြောင်း စစ်ကိုင်းတိုင်းလုံခြုံရေး အကူတပ်ခွဲ ရဲမှူးဇော်ဝင်းအောင်က သံဃာခြောက်ပါးဦးဆောင်သည့် ဒေသခံတောင်သူများအဖွဲ့ကို ပြောကြားခဲ့သည်ဟု ဆရာတော် ဥူးဝိမလ မိန့်ကြားသည်။

 ကိုတိုးကြီး
Mizzima News

No comments:

Post a Comment