Tuesday, 19 November 2013

မိုးကြိုးပြင်တောင်ရွာမှ ရဲကင်းကို နေရာပြောင်းကာ ညတွင်းချင်းပင် တည်ဆောက်


ကိုတိုးကြီး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃ ခုနှစ်

မုံရွာ (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာထိပ်မှ ရွာသူကြီး ဦးသန်းရွှေယာခင်းသို့ ပြောင်းရွှေ့သွားသော ရဲကင်းကို နိုဝင်ဘာလ ၁၉ရက် နံနက်၃နာရီခန့်ကပင် ညတွင်းချင်းအပြီး ဆောက်လုပ်ခဲ့သည်ဟု လုံခြုံရေးရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အရင် မိုးကြိုးပြင်တောင်ရွာအနီးက ရဲကင်းစခန်းကို ဖယ်ရှားပြီး နေရာဟောင်းရဲ့တောင်ဘက် လေးဖာလုံခန့်နေရာသစ်ကို ညတွင်းချင်း ပြောင်းရွှေ့ အပြီးဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်”ဟု အဆိုပါ လုံခြုံရေးဝန်ထမ်းက ပြောသည်။

မိုးကြိုးပြင်တောင်ရွာအနီးရှိ မုံရွာ-ပုသိမ်ကားလမ်း မိုင်တိုင် အမှတ် ၄၄၀/၄အနီးရှိ ရဲကင်းကို နိုဝင်ဘာလ ၁၈ရက် ညက ဖယ်ရှားပေးလိုက်ပြီး ထိုနေရာနှင့် လေးဖာလုံခန့်အကွာ ရွာသူကြီးဦးသန်းရွှေ၏ ယာခင်းနေရာသို့ ညတွင်းချင်း ပြောင်းရွှေ့ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်

ထိုရဲကင်းကို နိုဝင်ဘာလ ၁၁ရက်တွင် မိုးကြိုးပြင်တောင်ရွာထိပ်၌ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒေသခံရွာသားများက ဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုခြင်းများဖြစ်ပွားခဲ့ပြီး ၁၄ရက်နေ့ညတွင် ပဋိပက္ခများပင် ဖြစ်ပွားခဲ့သည်။ ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဘက်စလုံးတွင် ဒဏ်ရာများ ရရှိခဲ့သည်။



"ရဲကင်းက လုံးဝဖယ်ရှားသွားတာမဟုတ်ဘဲ ရွှေ့ပြောင်းသွားတာဖြစ်တဲ့အတွက် ရွာသားတွေအနေနဲ့ လုံခြုံမှု အပြည့်အဝမရှိသေးဘူး"ဟု မိုးကြိုးပြင်တောင်ရွာက မခင်ပြုံးက နိုဝင်ဘာလ ၁၉ရက်တွင် မဇ္ဈိမကို ပြောသည်။

ယခုရဲကင်းနေရာပြောင်းရွှေ့ခဲ့သော ရွာသူကြီးဦးသန်းရွှေသည် လယ်ယာမြေလျော်ကြေး ၁၀သိန်း ယူထားသည်ဟု မခင်ပြုံးက ဆိုသည်။

လုံခြုံရေးရဲကင်းစခန်းကို အပြီးဖျက်သိမ်းခြင်းမဟုတ်ဘဲ ပြောင်းရွှေ့မှုသာ ပြုလုပ်သည့်အတွက် နိုဝင်ဘာ ၁၉ရက်ညတွင်လည်း ဒေသခံများက ရွာလုံခြုံရေးအတွက် ကင်းစောင့်ကြမည်ဟု မခင်ပြုံးက ဆိုသည်။ သို့သော် ရဲကင်းရွှေ့ဆိုင်းပေးလိုက်သဖြင့် ရွာသားများအနေဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်သည်။

Mizzima News

No comments:

Post a Comment