Wednesday, 23 October 2013

ဗုံးပေါက်ကွဲမှုများကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ထိခိုက်နိုင်ဟု UNFC ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် အောက်တိုဘာ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ထိခိုက်နိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ ဥက္ကဋ္ဌ ဦးစောဒေးဗစ်တာကဘော က ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရာတွင် တစ်ဖက်နှင့် တစ်ဖက်သံသယများ ဖြစ်ပွားနိုင်ကြောင်း ၄င်းက ထောက်ပြ ပြောဆိုသည်။
"နောက်ကွယ်က ဘယ်သူလုပ်တယ် ဆိုပြီး အတိအကျ မပြောနိုင်ရင် တိုင်းရင်း သားတွေရဲ့ ကြားမှာ ယုံကြည်မှု ပျက်ပြားသွားနိုင်တယ်" ဟု ၄င်းကဆိုသည်။

ပြည်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် များကို အောက်တိုဘာ နောက်ဆုံးပတ် အတွင်း KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်မည်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း UNFC ထံမှသိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အောက်တိုဘာ လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားသည်။

အောက်တိုဘာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုံးပေါက်ကွဲမှု ခုနစ်ကြိမ်၊ ဗုံးတွေ့ရှိမှု လေးကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ သုံးဦးရှိပြီး နိုင်ငံခြားသူတစ်ဦး အပါအဝင် ၁၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားမည် မဟုတ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၁ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။
 The Voice Weekly

No comments:

Post a Comment