Monday, 14 October 2013

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ

Photo: NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ 

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ အကြံပြုနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို အောက်တိုဘာလ ၁၃ ရက်မှစ၍ စတင်ကောက်ယူလျက် ရှိကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး တွင် ပြည်သူများ၏ ဆန္ဒကို ၄၅ ရက်အတွင်း အပြီးသတ် ကောက်ယူမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့  နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခြေခံဥပဒေမှာ ပြင်သင့်တဲ့ အချက်တွေကို ပြည်သူတွေသိအောင် အရင်ဆုံး ရှင်းပြရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ပါဝင်သော အခြေခံဥပဒေ ပြင်ဆင်လျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမည် ဆိုသောကြောင့် ပြင်ဆင်ရေးတွင် အခက်ခဲဆုံး ပုဒ်မတစ်ခု ဖြစ်နေကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ထင်လင်းဦး (Wisdom  Villa) ကပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် စက်တင်ဘာ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပါတီများနှင့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကာ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီတွင် ပါဝင်သော နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လေ့လာ တွေ့ရှိချက်ကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment