Wednesday, 23 October 2013

ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆု ၂၃ နှစ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Photo: ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆု ၂၃ နှစ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဥရောပပါလီမန်က တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်ခဲ့မှုကြောင့် ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခဲ့သည့် ဆာခ်ရော့ဗ်ဆုကို  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၃ နှစ်အကြာ အောက်တိုဘာလ ၂၂ ရက်နေ့တွင်  လက်ခံလိုက်ပြီ ဖြစ်သည်။

အဆိုပါ လူ့အခွင့်အရေးဆုကို လက်ခံရယူရန်နှင့် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဥရောပငါးနိုင်ငံသို့ ခရီးသွားရောက် နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို  ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ အီးယူပါလီမန် အဆောက်အအုံတွင် ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Schulz က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"လွတ်လပ်စွာ တွေးခေါ်ခွင့်အတွက် ဘဝတစ်လျှောက်လုံး ခုခံတိုက်ပွဲ ဝင်ခဲ့ပြီး နောက်ဆုံးမှာ သူမ အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့  မြန်မာနိုင်ငံအတွက် ခရီးရှည်ကြီး ကတော့ ကျန်နေသေးတယ်" ဟု Martin Schulz က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ခုတည်း အတွင်းသာမက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံထားပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော ကြားသည်။

"လူသားဖွံ့ဖြိုးတိုးတက်မှု အတွက် လွတ်လပ်စွာ တွေးခေါ်ခွင့်က မရှိမဖြစ်လို အပ်ပါတယ်။ လူငယ်တွေ မေးခွန်းများများ မေးအောင် သင်ကြားပေးဖို့ အရေးကြီးတယ်။ ဘာသာစကား အားလုံးထဲမှာ ဘာကြောင့်လဲ ဆိုတဲ့စကားလုံးက အရေးပါဆုံး စကားလုံးပဲ" ဟု ဒေါ်အောင်ဆန်းစုကြည် က ဆုယူ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားသည်။

လွတ်လပ်စွာ တွေးခေါ်ခွင့်ကို နိုင်ငံသားတိုင်း အတွက် မွေးရာပါ လူ့အခွင့်အရေး တစ်ခု ဖြစ်စေလိုကြောင်း၊ တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသား အားလုံးကို လူသားဂုဏ်သိက္ခာ နှင့်အညီ နေထိုင်နိုင်ရန် အခြေခံ ဥပဒေ အပါအဝင် တိုင်းပြည်အတွင်းရှိ ဥပဒေများက ခွင့်ပြုပေးနိုင် စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ကျခံနေစဉ် ၁၉၉၀ ပြည့်နှစ်၌ ဥရောပပါလီမန်က ဆာခရော့ဗ် ဆုပေးအပ်ရန် ရွေးချယ်ခဲ့ပြီး ၁၉၉၁ ခုနှစ် တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အတွက် ထပ်မံရွေးချယ် ချီးမြှင့်ခံရကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားနှစ်ဦးဖြစ်သည့် အလက်ဇန္ဒားနှင့် ကင်မ်တို့က လက်ခံရယူခဲ့ သည်။

The Voice Weekly

No comments:

Post a Comment