Wednesday, 16 October 2013

ဗုံးပေါက်ကွဲမှုတွေအပေါ် သူတို့ ဒီလိုမြင်ကြတယ်


ဖနိဒါ၊ နန်းလွင်နှင်းပွင့်၊ ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၈ မိနစ်

အောက်တိုဘာ ၉ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရန်ကုန်မြို့အပါအ၀င် အခြားနယ်မြို့များဖြစ်သည့် မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းမြို့များတွင်ပါ ဗုံးတွေ့ရှိမှုနှင့် ပေါက်ကွဲမှုပေါင်း ကိုးကြိမ်ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ၊ ကလေး ငယ်များအပါအ၀င် နိုင်ငံခြားသူတစ်ဦးပါ ဒဏ်ရာရှိသွားခဲ့ကြသည်။
ရက်ဆက်ဆိုသကဲ့သို့ ဗုံးပေါက်မှုများ ဖြစ်ပေါ်လာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လွှတ်တော်အမတ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အာဏာပိုင် အဖွဲ့အစည်းများ၏ အမြင်များကို မဇ္ဈိမသတင်းထောက်များက စုစည်း တင်ပြပေးထားခြင်းဖြစ်သည်။

ဒေါက်တာတင်ရွှေ (ဟိုတယ်၊ ခရီး ဒု-၀န်ကြီး)

တပ်မတော်စစ်အစိုးရ လက်ထက်တုန်းကလည်း ဒီလိုပဲ တပ်မတော်ကနေ ဖောက်တာပါ။ တပ်မတော်ကနေ ဖောက်တာပါလို့ ပြောကြတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး။ အထင်မလွဲပါနဲ့။


ဦးဝင်းမြင့် (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)

အခုဖြစ်နေတဲ့ဖြစ်စဉ်တွေက အုပ်ချုပ်ရေးပိုင်းဖြစ်စဉ်တွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်၊ ဒီလို နေရာတိုင်းမှာ ဥပဒေမဲ့ ဗုံးတွေ တွေ့နေတယ်၊ ပေါက်ကွဲနေတယ်ဆိုတဲ့ ကိစ္စတွေက အုပ်ချုပ်သူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်နေတယ်၊ ပြည်သူတွေ လုံခြုံရေးအတွက်၊ ကာကွယ်ဖို့အတွက် တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်က သူတို့မှာ တာဝန်အရှိဆုံးပါ၊ အတတ်နိုင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်၊ တရားခံ အစစ်ကိုလည်း မိဖို့လိုအပ်တယ်၊ လုံခြုံရေး တိုးမြှင့်တယ်ဆိုတဲ့အတိုင်း တကယ်တည်ငြိမ်အောင် လုပ်ရ မယ်။

ဗိုလ်မှူးချုပ် ဒေါက်တာတင်မသီ (#KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဗဟိုကော်မတီ)

အခုသိရသလောက် နိုင်ငံပိုင်သတင်းဌာနတွေကပြောတဲ့ Digital Bomb ဆိုတာကလည်း ဘယ်လိုမျိုးလဲ အဲဒါဆိုဖောက်ခွဲသူက တော်တော်ကို အဆင့်မြင့်တာပဲ။ ဒီလိုဗုံးမျိုးကို တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ တိုက်ပွဲတစ်လျှောက် သုံးတာ မကြားခဲ့ဖူးပါဘူး၊ ဒီလုပ်တဲ့သူတွေက တော်တော်ကို အတွေးအခေါ် ကျဉ်းမြောင်းတာပဲ၊ ဘာလို့ ဒီလို ပြည်သူတွေကို လုပ်ရတာလဲ၊ ဒီဗုံးကို ကျွန်တော်တို့ သေချာတွေ့ရင်တော့ ပြောလို့ရတယ်၊ တစ်ရက်တည်းမှာ ဒီလောက် ဗုံးတွေ ပေါပေါလောလော ပေါက်နေတာ တစ်ခါမှ မကြားဖူးဘူး။

ဦးအောင်ကျော်ဇော (စစ်ရေးလေ့လာသူ)

ပြောရရင် နိုင်ငံရေးသမားမဆန်တဲ့ လုပ်ရပ်ပဲ။ တိုင်းပြည်ကို တကယ်ချစ်ရင်။ ပြည်သူကို တကယ်ချစ်ရင် ဒီလိုမျိုးက မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ပြောချင်တယ်။

ဒေါက်တာနိုင်အောင် (ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု NDD-အတွင်းရေးမှူး)

ဒီဗုံးပေါက်ကွဲမှုက လူသေအောင် အရမ်းရည်ရွယ်ထားတာမျိုး မဟုတ်ဘူးဆိုတော့ ခြောက်လှန့်ရုံ၊ နောက်ပြီးတော့ မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ပုံ၊ မတည်မငြိမ်ဖြစ်နေတယ်ဆိုတာ ပြချင်တဲ့ပုံ ပိုပြီး ပေါ်တယ်လို့ ထင်တယ်။ အဲဒီလိုမျိုးဟာမျိုးကို ဘာကြောင့်လုပ်ချင်သလဲဆိုတဲ့အခါ အခု ငြိမ်းချမ်းရေးကိစ္စတွေ လုပ်နေတာရှိတယ်။ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာရှိတယ်။ ဆီးဂိမ်းလုပ်မှာ ရှိတယ်။ အထူးသဖြင့် အထဲမှာလည်း တိုက်တိုက်ဆိုင်ဆိုင် ဘာသာမျိုးစုံရဲ့ ပွဲအခမ်းအနားတွေက ရှိနေတယ်လေ။ အဲဒီအပေါ် ပြည်သူတွေ ကြောက်လန့်အောင်၊ မတည်မငြိမ်ဖြစ်တယ်ဆိုတာမျိုးကို ပြချင်တယ်ဆိုတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ထင်တယ်။

ပဒိုဒေးဗစ်သာကပေါ (ကရင်အမျိုးသားအစည်းအရုံး KNU - မဟာမိတ်ရေးရာဌာန တာဝန်ခံ)

ဒီဗုံးပေါက်ကွဲတာက ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ဘူး။ အသေးအဖွဲလေးတွေပဲ။ အခြေအနေက ဘယ်လို ထွက်လာမလဲ မသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကတော့ မပြောတတ်သေးဘူး။ KNU ကတော့ အစိုးရနဲ့ ၉၉ ဒသမ ၇ ရာခိုင်နှုန်းလောက် နားလည်မှုရှိတယ်ဆိုတော့ KNU ကတော့ မဖြစ်နိုင်ဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ မသိသေးဘူး။ စောင့်ကြည့်ရမှာပေါ့။ ဒီလို ပေါက်ကွဲမှုဖြစ်တာ မကောင်းဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာတွေ ဖြေရှင်းရမယ်။ ဒီကိစ္စက ဆီးဂိမ်းနဲ့များ ဆက်သွယ်နေသလား။

ကိုမျိုးဝင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF - ဒုဥက္ကဋ္ဌ)

အဲဒီကိစ္စက ကျွန်တော်တို့ စောင့်ကြည့်တဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ သဘောထားပေးဖို့ စောသေးတယ်။

ရဲအုပ်ပန်းဦး (ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့)

ဒီဟာကတော့ ကျွန်တော်တို့ ဆီးဂိမ်းနီးလာတဲ့အချိန်မှာ အဖျက်အမှောင့်တွေ ရှိကြတယ်ပေါ့နော်။ အရင်တုန်းက အေးနေပြီးတော့ အခုဆီးဂိမ်းနီးလာမှ ဒီလိုကိစ္စတွေ တွေ့ရတယ်ပေါ့။

Mizzima News

No comments:

Post a Comment