Tuesday, 22 October 2013

ဆီရီးယားနိုင်ငံ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် လူပေါင်း ၃၀ ကျော် သေဆုံး



BBC
ဆီရီးယားနိုင်ငံ ဟာမာ (#Hama) မြို့ အလယ်ပိုင်းတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုတွင် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုမှာ ဆီးရီးယားသူပုန်များမှ ပေါက်ကွဲစေတတ်သည့်ပစ္စည်း တစ်တန်ကျော်အား တင်ဆောင်လာသည့် ကားတစ်စီးအား လူသွားလူလာများသည့် အစိုးရစစ်ဆေးရေးဂိတ်အတွင်းသို့ မောင်းင်ဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာန Sana တွင် ရေးသား ဖော်ပြခဲ့သည်။


တိုက်ခိုက်မှုတွင် ပျက်စီးမှုနှင့် အသေအပျောက်များစေရန်အတွက် လောင်စာဆီတင်ဆောင်ထားသည့် ကားတစ်ခုအနားတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ ယင်း တိုက်ခိုက်မှုအား အယ်လ်ကိုင်းဒါးများနှင့် ဆက် စပ်နေသည့် al-Nusra တပ်ပေါင်းစုမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။

“ဟာမာမြို့ကနေ ဆာလာမီယာမြို့ကို သွားတဲ့လမ်းပေါ်က စိုက်ပျိုးရေးကုမ္ပဏီတစ်ခုရဲ့ ကားတစ်စီးအနီးက စစ်ဆေးရေး ဂိတ်မှာပေါက်ကွဲစေတဲ့ပစ္စည်းတွေကို တင်ဆောင်လာတဲ့ကားကို အမျိုးသားတစ်ဦးက ဖောက်ခွဲခဲ့တာပါ” ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ အစိုးရစစ်သားများအား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း သေဆုံးသူအများစု မှာအရပ်သားများ ဖြစ်သည်။

ဟာမာမြို့မှာ ၂၀၁၁ ခုနှစ်၊ မတ်လတွင်စတင်ခဲ့သည့် သမ္မတအာဆတ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများအနက် အကြီးဆုံးသော ဆန္ဒပြပွဲအားပြုလုပ်ခဲ့သည့် မြို့တစ်မြို့ ဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ် နွေရာသီနှောင်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၎င်းမြို့အား နှိမ်နှင်းကာထိန်းသိမ်းနိုင်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဟားမား (hama) ပြည်နယ်အတွင်း သူပုန်များ ထိန်းချုပ်ထားသော #Latamna မြို့တွင်လည်း ဆီးရီးယားစစ်တပ်မှ ရဟတ်ယာဉ်များက ဗုံးကြဲစစ်ဆင်မှု ၁၁ ခု ပြုလုပ် ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုခဲ့သည်။

ရဟတ်ယာဉ်များသည် ကြီးမားသော ဖြစ်သလိုပြုလုပ်ထားသည့် ဗုံးများကို မြို့ပေါ်သို့ကြဲချခဲ့သည်ဟု ထိုအဖွဲ့က ဆိုခဲ့သည်။ ကနဦးဗုံးကြဲတိုက်ခိုက်မှုများအတွင်း ကလေးသုံးဦး သေဆုံးသွားခဲ့သည်ဟု ထို အဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်,နှစ်ခွဲကျော်ကြာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သူပုန်၊ စစ်သားနှင့် အရပ်သား အနည်းဆုံး ၁၁၅,၀၀၀ ခန့် သေဆုံးခဲ့ကြပြီးဖြစ်ကာ၊ ဆီးရီးယား ၂ ဒသမ ၁ သန်းခန့်မှာ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေး ခိုလှုံနေကြရသည်။

Mizzima News

No comments:

Post a Comment