Thursday, 10 October 2013

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ်္တိရုပ်ရှင်ကို “အောင်ဆန်း”ဟု အမည်ပေးထားပြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးတော့မည်


ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၁ မိနစ်

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ်္တိရုပ်ရှင်ဇာတ်ကားကို “အောင်ဆန်း”ဟု အမည်ပေးကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းတွင် စတင်ရိုက်ကူးမည်ဖြစ်သည်။ ယင်းအမည်ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကာ အမည်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ “အောင်ဆန်း”ဟု အမည်ပေးရခြင်းမှာ ဗိုလ်ချုပ်သည် အောင်ဆန်းအမည်နှင့် ကျောင်းသားဘ၀အား ဖြတ်သန်းခဲ့သည်။ ထို့နောက်တွင် သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး အဆင့်ဆင့် ဖြတ်သန်းခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ကို ထပ်ဟပ်စေသည့် အမည်ဖြစ်ခြင်းကြောင့် “အောင်ဆန်း”ဟု အဖွဲ့ဝင်များက
ရွေးချယ်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူခဲ့သည့်အတွက် ပေးအပ်ခြင်း ဖြစ်သည်။


ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေးက “ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ဘ၀ကနေ ကျဆုံးတဲ့အချိန်အထိ ဘ၀ဖြစ်စဉ်တွေကို ထင်ဟပ်စေတဲ့ နာမည်တွေထဲမှာ “အောင်ဆန်း”က အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နာမည်ဖြစ်လို့ ပေးလိုက်ကြတာပါ။ အခု ပြည်ပက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကို ရွေးချယ်မှာပါ။ ရွေးချယ်ပြီးတာနဲ့ အဲဒီ ကုမ္ပဏီကပဲ ရင်းနှီးမြှုပ်နှံမှုရော၊ ရိုက်ကူးမှုအပိုင်းရော၊ ရိုက်ကူးမယ့် ဒါရိုက်တာအပိုင်းပါ သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သွားမှာပါ။ ဇာတ်ညွှန်းကို ဒီလထဲမှာအပြီး edit လုပ်မယ်။ နောက် သုံးလလောက်ဆိုရင် သရုပ်ဆောင်တွေ လေ့ကျင့်သင်ကြားမှုအပိုင်းလည်း ပြီးသွားပြီဆိုတော့ ၂၀၁၄ နှစ် ဆန်းပိုင်းမှာ စပြီး ရိုက်ကူးသွားမယ်။ ပြည်ပက ဒါရိုက်တာနဲ့ ရိုက်မယ်။ မြန်မာပြည်ဘက်ကတော့ အကြံပေးအနေနဲ့ပဲ ပါဝင်ကြမှာပါ”ဟု ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် ဇာတ်ညွှန်းကို စာရေးဆရာချစ်ဦးညို၊ မြမြင့်မိုရ်၊ ကြည်စိုးထွန်းတို့က ရေးသားခဲ့သည်။ ၎င်းဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုးက သရုပ်ဆောင်မည်ဖြစ်ကာ
ဒေါ်ခင်ကြည်နေရာတွင် ဇာခြည်လင်းတို့က သရုပ်ဆောင်မည်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦးအားသရုပ်ဆောင် သင်တန်းသာမက ဘာသာစကားကိုပါ စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်းထားသည့်အဖွဲ့တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူထားပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ၀ိုင်း၊ မင်းသား ဝေဠုကျော်၊ ဒါရိုက်တာအိအိခိုင်နှင့် ကြည်ဖြူသျှင်တို့က လုပ်ဆောင်လျက်ရှိသည်။

Mizzima News

No comments:

Post a Comment