Tuesday, 8 October 2013

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားဒေသခံ တစ်ထောင်ကျော် ကြိုဆို

မြစ်ကြီးနား၊ အောက်တိုဘာ ၇

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မြစ်ကြီးနားမြို့ တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ့သို့ တက်ရောက်ရန် အောက်တိုဘာလ ၇ ရက်နေ့က ရောက်ရှိလာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနား ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ပြည်သူလူထု တစ်ထောင်ခန့်က ကေအိုင်အို အလံများ ကိုင်ဆောင်ကာ ကချင်ရိုးရာ တူရိယာများ တီးမှုတ်လျက် ကေအိုင်အို အလုပ်အဖွဲ့ရုံးရှေ့တွင် စောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ လုံခြုံရေးကို ရှေးရှု၍ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခြင်း မပြုရန်အတွက် ခရစ်ယာန် အသင်းတော်များက မှာကြားထားသော်လည်း လူငယ် အချို့နှင့် ဒေသခံ ပြည်သူအချို့က ၎င်းတို့၏ အစီအစဉ်များဖြင့် လာရောက် ကြိုဆိုခြင်း ဖြစ်ကြောင်း မိုင်းနား နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာနော်လာက ရှင်းပြသည်။
“မကြိုဆိုဖို့ မှာထားလို့ ကျွန်တော်တို့ Camp မှာလဲ ဘာအစီအစဉ်မှ မရှိဘူး။ အဲဒီလို မမှာထားရင်တော့ ဒီလူဦးရေထက်မက အများကြီး ရောက်လာလိမ့်မယ်” ဟု ၎င်းကဆိုသည်။


ကေအိုင်အို အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးကလည်း “ဒီတစ်ခေါက်တော့ ကိုယ်စားလှယ်တွေကို မကြိုဆိုကြဖို့အတွက် ကျွန်တော်တို့ Technical Team (အလုပ်အဖွဲ့) အစည်းအဝေးမှာ ပြောထားတယ်” ဟု The Voice သို့ ပြောကြားသည်။

ဝိုင်းမော်မြို့နယ်မှ ကချင်လူငယ်များက ကေအိုင်အို ကိုယ်စားလှယ်များအား အောင်မြေ (၁) ကျေးရွာတွင် သွားရောက် ကြိုဆိုကာ ကေအိုင်အို အလုပ်အဖွဲ့ရုံးတိုင်အောင် လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း ဝိုင်းမော်မြို့မှအသက် ၂၀ အရွယ်ရှိ ကချင်အမျိုးသားတစ်ဦးက ဆိုသည်။

ယခုတစ်ကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ၃ ရက် ကြာပြုလုပ်မည် ဖြစ်သည်။
“ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကမူ ဒီဆွေးနွေးပွဲဟာ နောက်ဆုံး ဆွေးနွေးပွဲတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ နောက်လာမယ့် ဆွေးနွေးပွဲတွေအတွက် အကျိုးရှိမယ့်ပွဲပါ” ဟု ပြောကြားသည်။

ကေအိုင်အို ကိုယ်စားလှယ်များ မေလငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာစဉ်က ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့မှ ဒေသခံပြည်သူ ၂၀၀၀၀ ခန့်က ကြိုဆိုခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment