Thursday, 17 October 2013

ကချင်ပြည်နယ် ပဋိပက္ခ အနီးကပ် စောင့်ကြည့်မည်ဟု အမေရိကန်ဆို

Photo: ကချင်ပြည်နယ် ပဋိပက္ခ အနီးကပ် စောင့်ကြည့်မည်ဟု အမေရိကန်ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

အစိုးရနှင့် အပြီးသတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် ကေအိုင်အေ အဖွဲ့တည်ရှိရာ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးဆိုင်ရာနှင့် နိုင်ငံရေးနှင့် ပဋိပက္ခ အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ရှိ အမေရိကန် သံရုံးက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မြစ်ကြီးနားမြို့တွင် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို။ ကေအိုင်အေ အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမေရိကန် အစိုးရက ကြိုဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင်တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် စစ်ရှောင် ဒုက္ခသည်များ မူလနေရပ်သို့ ပြန်လည် နေထိုင်နိုင်ရေး အကောင်အထည် ဖော်မည့် အစီအစဉ်များကိုလည်း ထောက်ခံ ကြိုဆိုကြောင်း အမေရိကန်သံရုံးက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံတစ်ရပ် ကျင်းပရန်နှင့် အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးရန် အပါအဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ခုနစ်ချက်ကို  အောက်တိုဘာလအတွင်း အစိုးရနှင့် ကေအိုင်အေတို့ ထပ်လောင်း သဘောတူညီထားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် KIO/KIA အဖွဲ့ ပါဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်သော ဆွေးနွေးပွဲ တစ်ရပ်ကို KIO ဌာနချုပ် လိုင်ဇာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment