Tuesday, 1 October 2013

သမ္မတဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ အောက်တိုဘာလ ၂ ရက်နေ့ တွေ့မည်

Photo: သမ္မတဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ အောက်တိုဘာလ ၂ ရက်နေ့ တွေ့မည်

ရန်ကုန်၊ စက်တင်ဘာ ၃၀

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ် လွှတ်တော် အစည်းအဝေး ခန်းမ၌ အောက်တိုဘာလ ၂ ရက်နေ့တွင် တွေ့ဆုံရန် ဖိတ်ကြားထားသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် ဖိတ်ကြားထားသော်လည်း တွေ့ဆုံဆွေးနွေးရန် အကြောင်းအရင်းကို သိရှိခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်တွင် ရခိုင်ပြည်နယ်၏ ပြန်လည် ထူထောင်ရေး အခြေအနေများ၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်နေသည့် အခြေအနေများ၊ တရားဥပဒေ စိုးမိုးရေး အခြေအနေများကို လေ့လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာမည့် နေ့ရက်နှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိပေ။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ရခိုင်လူထု ရန်ကုန်မြို့တော်ရှိ International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

The Voice Weekly

No comments:

Post a Comment