Tuesday, 22 October 2013

ပြည် ရွှေဆံတော်ဘုရားပေါ် မသင်္ကာဖွယ် အထုပ်ထားရှိသူကို လုံခြုံရေးကင်မရာတွင် မတွေ့ဟုဆို


မြန်မာနိုင်ငံမြို့ အချို့တွင် ဗုံးပေါက်မှုများ၊ ဗုံးလန့်မှုများ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ရွှေဆံတော်ဘုရားတွင် ဗုံးလန့်မှု ဖြစ်ပွားခဲ့ရာ မသင်္ကာဖွယ် အထုပ်ထားရှိခဲ့သူကို ဘုရားတွင် တပ်ဆင်ထားသည့် လုံခြုံရေး CCTV ကင်မရာများတွင် မတွေ့ရှိခဲ့ကြောင်း ရွှေဆံတော်ဘုရား ဂေါပကရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းနေ့ည ၈ နာရီခန့်က ဘုရားအရှေ့ဘက် စောင်းတန်း လှေကားကြမ်းပြင်တွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီး ပေါက်ကွဲစေတတ်သည့် အရာများ မတွေ့ရှိရကြောင်း၊ အထုပ်ထားရှိခဲ့သည့် နေရာသည် တိုင်ကွယ်နေ၍ လုံခြုံရေး ကင်မရာ တပ်ဆင်ထားသည့် နေရာမှ ယင်းထားရှိသွားသူကို ရိုက်ကူးမထားနိုင်ကြောင်း ဂေါပကရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘုရားပေါ်မှာ ကင်မရာ ၃၁ လုံးရှိတယ်။ ဒါပေမဲ့ နေရာတွေကကျယ်တော့ အကုန်တော့ မမြင်နိုင်ဘူး။ စီစီတီဗီက လှေကားထိပ် အပေါ်ဆုံးက တပ်ထားပေမယ့် မြင်ကွင်းကို တိုင်ကကွယ်နေတယ်။ ဒီစောင်း တန်းပေါ်မှာလည်း ကျူးကျော်ဈေးသည်တွေလည်း တက်ရောင်းနေကြတယ်” ဟု ၎င်းကဆိုသည်။
“မိုင်းဗုံး လန့်တယ်ထင်ပြီး သွားစစ်ဆေးရတာပါ၊၊ အထဲမှာလည်း ပလတ်စတစ်စကို ကြွပ်ကြွပ်အိတ် မည်းထဲထည့်ပြီး ကြိုးဖြူလေး စည်းထားတာပါ၊ အားလုံးပုံမှန်ပါပဲ။ လုံခြုံရေးကတော့ ယူထားပြီးသားပါ” ဟု ပြည်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
ဘုရားအရှေ့ဘက် စောင်းတန်း လှေကားကြမ်းပြင်တွင် မိုင်း (သို့မဟုတ်) ဗုံးဟု ထင်ရသည့် ကြိုးအဖြူရောင် ပတ်ထားသော အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်ကို စေတီလုံခြုံရေး အဖွဲ့ဝင်များက တွေ့ရှိခဲ့ရာမှ မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များ ရောက်ရှိ ရှင်းလင်းခဲ့စဉ် အိတ်အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းမတွေ့ရှိဘဲ ပလတ်စတစ်စများသာ တွေ့ရှိခဲ့သည်ဟု ပြည် မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မသင်္ကာဖွယ် အထုပ်ကို စစ်ဆေးနေစဉ်တွင် စောင်းတန်း တံခါးများပိတ်ကာ စစ်ဆေးခဲ့သော်လည်း စစ်ဆေးပြီးနောက်တွင် ပြန်လည် ဖွင့်ပေးခဲ့သဖြင့် ဘုရားဖူးများနှင့် ပုံမှန် ပြန်လည် စည်ကားလျက် ရှိသည်ဟု လာရောက် လည်ပတ်သူ ဘုရားဖူးများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၉ ရက်မှ ၁၇ ရက်နေ့အထိ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်၊ ဗုံးရှာဖွေတွေ့ရှိမှု သုံးကြိမ်၊ စစ်ကိုင်းမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment