Saturday, 26 October 2013

အခြေခံဥပဒေပြင်ဆင်ပါက အန္တရာယ်များနိုင်သည်ဟူသည့်စကားများသည် ပြည်သူကို ခြိမ်းခြောက်ခြင်းဖြစ်

ခင်မောင်မြင့်

ရန်ကုန် - အောက်တိုဘာ ၂၅၊ ၂၀၁၃ (မော်ကွန်း)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ် ရေးဆွဲပါက မမျှော်မှန်းနိုင်သည့် အန္တရာယ်များဖြစ်လာနိုင်သည့်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်သည် သွယ်ဝိုက်ကာ ခြိမ်းခြောက်သလိုဖြစ်သည် ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

နောက်ပြန်ဆုတ်သွားမည်၊ စစ်တပ်ကအာဏာသိမ်းသွားမည် ဆိုသည်များသည် ပြည်သူလူထုကို စိတ်ဆင်းရဲအောင်နှင့် အထိတ်တလန့်ဖြစ်စေသည့်စကားများဖြစ်ပြီး “ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးချင်တယ်လို့ပြောရုံနဲ့ တိုင်းပြည် မပျက်ဘူး ” ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ဆန္ဒရယူရေး ဟောပြောပွဲတွင် သတင်းထောက်များ၏မေးမြန်းချက်ကိုဖြေကြားခဲ့ခြင်းဖြစ်သည်။


လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်းပြီး အသစ်ရေးဆွဲပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပေါ်ပေါက်လာသော ရွေးကောက်ပွဲရလဒ် ပျက်ပြားသွားနိုင်ကာ လွှတ်တော်များသည်လည်း ပျက်ပြားသွားနိုင်ကြောင်း လွှတ်တော်ပျက်သွားပါက လွှတ်တော်က ရွေးကောက်တင်မြောက်အတည်ပြုထားသော အစိုးရပျက်သွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်ဟု ယခုလ ၁၀ ရက်ထုတ် 7Day နေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။

အခြေခံဥပဒေပြင်ဆင်ရန်တောင်းဆိုခြင်းသည် ပြည်သူများ၏ အခွင့်အရေးသာဖြစ်ပြီး ပြည်သူများ စိတ်ချမ်းသာအောင်လုပ်ပေးရန်သည် လွှတ်တော်နှင့် သမ္မတတို့တွင်တာဝန်ရှိကြောင်း ဦးကိုနီကပြောသည်။

အခြေခံဥပဒေပြန်လည်ရေးဆွဲခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များဖြစ်ပေါ်လာနိုင်သည်ဟု အောက်တိုပါ ၅ ရက်က ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်သည့် ကြေညာချက်တွင် ထည်သွင်းဖော်ပြထားသည်။ ။

Yangon Press International

No comments:

Post a Comment