Thursday, 5 September 2013

အမေရိကန်နိုင်ငံတွင် ချစ်သူစုံတွဲကို မျက်နှာဖုံးစွပ် လူငယ်တစ်ဦးက ဗုံးဖြင့်ပစ်

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ဈေးဝယ်စင်တာမှ ပြန်လာသည့် စုံတွဲတစ်တွဲကို ရေနံဓါတုဗုံးဖြင့်ပစ်သည့် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်သည်။

အဆိုပါလူငယ်မှာ ကြောက်မက်ဖွယ်လူသတ်ဇာတ်လမ်းဖြစ်သည့် Friday the Thirteenth ဇာတ်ကားထဲ တွင် ရေပန်းစားခဲ့သော ဟော်ကီမျက်နှာဖုံးကိုစွပ်ထားပြီး တောခုတ်ဓါးတစ်လက်ကိုလည်း ယူဆောင် လာခဲ့သည်ဟု ဆိုသည်။

ဘော်ဘီဟောဝဲလ်နှင့် သူ၏ချစ်သူ မိန်းကလေးတို့ ည ၁၀ နာရီကျော်တွင် ဈေးဝယ်စင်တာမှ ပြန်လာစဉ် လူငယ်တစ်ဦးက ချဉ်းကပ်လာပြီး ၎င်းမှာလမ်းပျောက်နေသည်ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။
ဟောဝဲလ်တို့စုံတွဲက မည်သို့ကူညီရမည်ကိုမေးမြန်းပြီး အရေးပေါ်ဖုန်းနံပါတ် ၉၁၁ သို့ ဖုန်းခေါ်ဆိုခဲ့သည် ဟု ဆိုသည်။

ထိုအချိန်တွင် လူငယ်က “ငါ့ကို ဘယ်သူဆိုတာသိရဲ့လား”ဟု မေးရာ ဟောဝဲလ်က လူငယ်၏ ကုတ်အကျီ ထဲမှ တောခုတ်ဓါးကို တွေ့မြင်သတိပြုမိသဖြင့် ထွက်ပြေးခဲ့ရာ ထိုလူငယ်က “ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ” ဟု အော်ကာရေနံဗုံးဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

ထိုဗုံးမှာ စုံတွဲနှင့် ၁၅ ပေအကွာတွင် ပေါက်ကွဲခဲ့သည်ဟုဆိုသည်။ ထိုဗုံးမှ ထွက်သောမီးတောက်မှာ ပေ ၂၀ ခန့်မြင့်သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုကြသည်။

ရဲတပ်ဖွဲ့က ဗုံးဖြင့်ပစ်သည့် အသက် ၁၉ နှစ်အရွယ်ရှိ ကာဇီမာနိုဗာဂါစကီကို အခင်းဖြစ်ပွားရာနေရာနှင့် တိုက်ဘလောက်အနည်းငယ်အကွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပထမတွင် ဂါစကီက ၎င်းမှာ ရွရွပြေးသွေးပူလေ့ကျင့်ခန်း လုပ်နေခြင်းသာဖြစ်သည်ဟု ရဲများကို ဖြေကြား ခဲ့သည်။ နောက်ဆုံးတွင်မှ ၎င်းက ဓါတ်ဆီနှင့် အခြားဓါတုပစ္စည်းများပါဝင်သည့် ဗုံးဖြင့် စုံတွဲကိုပစ်ခတ်ခဲ့ကြောင်း ၀န်ခံသည်။

ဂါစကီ၏ဖခင်က သူ့သားသည် စိတ်ခြောက်ခြားဆေးများ သုံးစွဲနေကြောင်း ပြောကြားခဲ့သည်။ ဂါစကီကို သူတစ်ပါးကို နှောင့်ယှက်စော်ကားမှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုများနှင့် တရားရင်ဆိုင်ရဖွယ် ရှိသည်။

ဂါစကီမှာ ထောင်ထဲတွင်ရှိနေပြီး ၎င်းအတွက်အာမခံငွေ ဒေါ်လာ နှစ်သိန်း တင်ရမည်ဖြစ်သည်။ ဂါစကီကို ဆေးဖြတ်ပြီး ကုသပေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းသည်ဆေးဝါးအမျိုးစား မြောက်များစွာကို သုံးစွဲသဖြင့် ဆေးဖြတ်ရန်နည်းလမ်းရှာဖွေရန် ခက်ခဲခဲ့သည်ဟု သူ၏ဖခင်ကပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment