Wednesday, 18 September 2013

ကုလ စုံစမ်းရေးမှူးတွေကို ရုရှားက စွပ်စွဲ

ဆီးရီးယားမှာ ဓာတုလက်နက် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လက်နက် စုံစမ်းစစ်ဆေးရေးမှူးတွေဟာ နိုင်ငံရေးအရ လိုရာဆွဲပြီး တစ်ဖက်သတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်လို့ ရုရှားနိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဒမားစကပ်စ်မြို့ကို ရောက်ရှိစဉ် ပြောဆိုရာမှာ ဓာတုလက်နက်တွေကို သူပုန်တွေဘက်က သုံးစွဲခဲ့တဲ့ သက်သေအထောက်အထား အသစ်ကို ဆီးရီးယားအစိုးရက သူ့ကို ပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် သုံးစွဲခဲ့တယ်လို့ စွပ်စွဲမှုရှိခဲ့တဲ့ အရင် နေရာဟောင်း ၃ နေရာကို ကုလ လက်နက် စုံစမ်းရေးမှူးတွေ သွားမကြည့်ခဲ့တာကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့လည်း Mr Ryabkov က ပြောပါတယ်။ အဲဒီ နေရာတွေမှာ သူပုန်တွေဘက်က ဓာတုလက်နက် သုံးစွဲခဲ့တယ်လို့ ရုရှားက ပြစ်တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ လက ဒမားစကပ်စ်မြို့ ဆင်ခြေဖုံးမှာ အရပ်သားတွေအပေါ် sarin ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့တဲ့ အထောက်အထားတွေကို ကုလ သမဂ္ဂလက်နက် စစ်ဆေးရေးမှူးတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေကတော့ ဒီလက်နက်တွေကို သမ္မတ အာဆတ် အစိုးရ တပ်ဖွဲ့တွေကသာ သုံးခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ပြောပါတယ်။
BBC News

No comments:

Post a Comment