Thursday, 12 September 2013
ဝန်ကြီးဌာနများကို လွှတ်တော် ကတိကဝတ်ကော်မတီ ကွင်းဆင်း စစ်ဆေးမည်
ရန်ကုန်၊ စက်တင်ဘာ ၁၁
လွှတ်တော်တွင် ပေးထားသော ကတိအတိုင်း အစိုးရက မလုပ်ဆောင်ဟု ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းထားသည့် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စု အစိုးရအဖွဲ့ လက်အောက်ခံလုပ်ငန်း ၂၆ခုကို ပထမအကြိမ် ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ ဝန်ကြီးဌာန လုပ်ငန်းများကို အဖွဲ့လေးဖွဲ့ခွဲကာ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်ကြာ ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
ကော်မတီအနေဖြင့် ယခင်က ဝန်ကြီးဌာနများ လွှတ်တော်သို့ လာရောက် ဖြေကြားချက်များအပေါ် မူတည်၍သာ စိစစ်ခဲ့သော်လည်း လွှတ်တော် ဥပဒေများအရ လိုအပ်လျှင် ကွင်းဆင်း စစ်ဆေးနိုင်သည်ဟု ဖော်ပြထား၍ ပထမဆုံးအကြိမ် ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်းက ပြောကြားသည်။
“အရင်ကတော့ လွှတ်တော်ထဲတင် ကတိကဝတ်တွေ လုပ်တာ မလုပ်တာ ကြည့်တာကိုး။ အခုက လိုအပ်ရင် ဆင်းစစ်နိုင်တယ်လို့ နည်းဥပဒေမှာပါတော့ စီမံချက်ဆွဲပြီး လွှတ်တော်ဥက္ကဋ္ဌဆီ တင်ထားတာ” ဟု ၎င်းကဆိုသည်။
အစိုးရဝန်ကြီးဌာနများ၏ လွှတ်တော်တွင် ဖြေကြားချက်များပေါ် မူတည်၍ ကတိကဝတ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ခေါ်ယူစစ်ဆေးရကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ ကတိအတိုင်း လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများက ကတိပြု လုပ်ငန်းပေါင်း ၁၀၄၉ ခု ဆောင်ရွက်ရန် ကျန်ရှိနေပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ကတိကဝတ် အကောင်အထည်ဖော်ရန် ကျန်ရှိနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment