Saturday, 14 September 2013

ရွှေတိဂုံစေတီကို ကြေးလေးတန်ဖြင့် ရွှေသင်္ကန်းကပ်လှူမည်


ရန်ကုန်၊ စက်တင်ဘာ ၁၃

လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် သုံးစွဲပြီးဖြစ်သော ကြေးဖြတ်စ လေးတန်ကို ပြန်လည် ကျိုချက်ကာ ကြေးနီပြားများ ပြုလုပ်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း Th Voice ၏ မေးမြန်းမှုကို ယင်းစေတီတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြကာ ပြန်လည် ဖြေကြားသည်။

ယင်းကြေးပြားများကို မျက်ပါးသင်္ကန်းများ ကပ်လှူထားသော စေတီတော်၏ ပထမကြေးဝန်းနှင့် ဒုတိယကြေးဝန်းတွင် ရွှေစင်ပြား (Gold Coating) အသစ်ကပ်လှူရန်နှင့် ယခင်ကပ်လှူခဲ့သော ၅၀ ရာခိုင်နှုန်း ပျက်စီးသည့် ရွှေစင်ပြားများအား အစားထိုး ကပ်လှူရန် ဖြစ်ကြောင်း ယင်းစေတီတော် ဝက်ဘ်ဆိုက်မှ The Voice ၏ မေးမြန်းချက် ကို ပြန်လည် ဖြေကြားသည်။

ရွှေပြားခတ်လုပ်ငန်းများမှ အသုံးပြုပြီး ကြေးဘောင်၊ ကြေးပြားနှင့် ဖြတ်စ များကို ပြန်လည် ကျိုကြိတ်၍ တစ်ပေပတ်လည်နှင့် ဆယ်လက်မပတ်လည် ကြေးနီပြားများ ပြုလုပ်၍ ရွှေတိဂုံ စေတီတော်ကြီးတွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူသွားမည် ဖြစ်ကြောင်း ယင်းစေတီဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။


ကြေးနီပြားများ ကျိုချက်ခြင်းလုပ်ငန်းအတွက် စေတီဂေါပကအဖွဲ့က တင်ဒါခေါ်ယူလျက် ရှိကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သိရသည်။

လျှောက်ထားသူ လုပ်ငန်းရှင်များထဲမှ ဈေးအနည်းဆုံးနှင့် ပစ္စည်းအရည်အသွေး ကိုက်ညီသူ လုပ်ငန်းရှင်တစ်ဦးကို ရွေးချယ်ကာ ကြေးဖြတ်စ လေးတန်ကို
ပြုလုပ်တင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်းလည်း စေတီဝက်ဘ်ဆိုက်မှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ကြေးနီဖြတ်စပြားများ ကျိုချက်ခြင်းမှ တစ်ပေပတ်လည် ကြေးနီပြား အချပ်ရေ ၇၃၀၀ ခန့် ရရှိနိုင်ကြောင်း စေတီဝက်ဘ်ဆိုက်မှ ဆက်လက်ဖြေကြားသည်။

ဈေးပြိုင်တင်ဒါ တင်သွင်းလာသူများသည် စက်တင်ဘာလ ၂၀၊ ၂၃၊ ၂၄ ရက်နေ့တို့တွင် (ရုံးချိန်အတွင်း) စေတီတော် ဂေါပကအဖွဲ့ရုံး ရွှေနှင့် ရတနာဌာန၌ လျှောက်လွှာများကို တစ်စောင်ကျပ် တစ်သောင်းနှုန်းဖြင့် ဝယ်ယူကာ သယ်ယူရမည့် ကြေးစများကို ကြည့်ရှု စစ်ဆေးနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

တင်ဒါရရှိပြီးသူသည် ကြေးတို၊ ကြေးစများ သယ်ယူခြင်း၊ ကြေးနီရော ကျိုချက်ခြင်းနှင့် ဂေါပကအဖွဲ့သို့ ကြေးနီပြားများ ပြန်လည် ပေးအပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် တင်ဒါများကို ဖွင့်ဖောက်ရွေးချယ်မည် ဖြစ်သောကြောင့် ယင်းနေ့ မွန်းလွဲ ၁ နာရီ မတိုင်ခင်တင်သွင်းရမည် ဖြစ်ကြောင်း စေတီတော် ဂေါပက အဖွဲ့က ကြေညာထားသည်။

(၄) ကြိမ်မြောက် ရွှေသင်္ကန်းများ ကပ်လှူမှုကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ကပ်လှူပူဇော်ခဲ့ပြီး ငှက်ပျောဖူး၊ အောက်ကြာနု၊ ကြာမှောက်၊ ကြာလန်၊ ရွဲ၊ ဖောင်းရစ်၊ သပိတ်မှောက်၊ ရင်စီး၊ ခေါင်းလောင်း၊ ပဉ္စမံ၊ စတုတ္ထ၊ တတိယ ကြေးဝန်းများအထိ ရွှေပြားများကို နောက်ဆုံးအကြိမ် အဖြစ် ကပ်လှူခဲ့ကြောင်း ယင်းစေတီဂေါပက အဖွဲ့ထံမှ သိရသည်။

နောက်ဆုံးအကြိမ် ကပ်လှူခဲ့သော ရွှေပြားအရေအတွက်မှာ ၁၀,၆၃၆ ချပ် ဖြစ်ပြီး အလေးချိန်မှာ ၁၇,၇၃၁ ကျပ်သား ရှိကြောင်း ရွှေတိဂုံစေတီ ဝက်ဘ်ဆိုက်၏ ကြေညာချက်မှ သိရသည်။

(ဟိန်းမြတ်စိုး)

The Voice Weekly

No comments:

Post a Comment