News And Library
Fresh News And Some Knowledge For You
Tuesday, 24 September 2013
မြန်မာ့ရေတပ်က ဖမ်းဆီးထားသည့် ငါးဖမ်းသင်္ဘောမှ မာလိန်မှူး၏ ဇနီးသည်က မိမိခင်ပွန်း ပျောက်ဆုံးနေကြောင်း ပြောကြား
ကမ်းခြေစောင့်တိုက်ရေယာဉ်- ၄၂၆
(Photo Myanmar NAVY Facebook)
နိုင်ငံရေပိုင်နက်အတွင်း ၀င်ရောက်မှုဖြင့် မြန်မာ့ရေတပ်က ပစ်ခတ်ဖမ်းဆီး ထားသည်ဆိုသော ထိုင်းသင်္ဘောမှ မာလိန်မှူး ကာယုဆတ်ဆာဝပ်၏ ဇနီးဖြစ်သူ ပီယန်နန် ဂျန်အွန်က ထိုင်းအာဏာပိုင်များ အနေဖြင့် ပျောက်ဆုံးနေသော မိမိ၏ခင်ပွန်းကို ဆက်လက် ရှာဖွေပေးရန် တောင်းဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် စက်တင်ဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။
ငါးဖမ်းသင်္ဘော ပစ်ခတ်ခံရသည့်ကို ခွန်ကျွန်းနှင့် ကိုချန်းကျွန်းများ၏ အနီးဝန်းကျင်တွင် ထိုင်းရေတပ်က ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း မိမိ၏ ခင်ပွန်းကို မတွေ့ခဲ့ကြောင်း ပီယန်နန်က ပြောကြားခဲ့သည်။
''ကျွန်မယောက်ျား သေသလား၊ ရှင်သလားဆိုတာ မသိရပါဘူး။ ကျွန်မနဲ့ ကလေးနှစ်ယောက်ကတော့ သူပြန်အလာကို စောင့်နေပါတယ်'' ဟု ပီယန်နန်က ပြောကြားခဲ့သည်။
ခင်ပွန်းသည်၏ ကံကြမ္မာကို သိခွင့်ရသည်အထိ အာဏပိုင်များက ဆက်လက် ရှာဖွေပေးရန် ၎င်းက ပြောကြားခဲ့သည်။
သူမ၏ ခင်ပွန်းကို မြန်မာ့ရေတပ်က ရေထဲမှဆယ်ယူပြီး ဖမ်းဆီးထားကြောင်း သတင်းများတွင် ဖတ်ရှုခဲ့ရသော်လည်း ခင်ပွန်းနှင့် ပတ်သက်သည့် သတင်းကို ထိုင်းနှင့် မြန်မာအာဏာပိုင်များထံမှ မကြားသိ ရသေးကြောင်း ပီယန်နန်က ပြောကြားသည်။
ထိုင်းရေတပ်မှ သတင်းရင်းမြစ် တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ မာလိန်မှူးကာယုကို မြန်မာအာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
ထိုင်း-မြန်မာ နယ်နိမိတ်ရေးရာ ကော်မတီ (TBC) အနေဖြင့် မိမိ၏ခင်ပွန်း ပျောက်ဆုံးမှုအား စုံစမ်းရန်နှင့် နောက်ထပ်ပြဿနာများ မဖြစ်ပေါ်စေရန် ရနောင်းကမ်းရိုးတန်း ပင်လယ်ပြင်တွင် နယ်နိမိတ် သတ်မှတ်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးကို ပီယန်နန်က တောင်းဆိုခဲ့သည်။
ရနောင်းသို့ စက်တင်ဘာ ၂၁ ရက်က ပြန်လည် ရောက်ရှိခဲ့သည့် မြန်မာ့ငါးဖမ်း သင်္ဘော အလုပ်သမား တစ်ဦး၏ ပြောကြားချက်အရ ၎င်းနှင့် ပီယန်နန်၏ ခင်ပွန်းတို့သည် သင်္ဘောပေါ်တွင် နောက်ဆုံး ကျန်ရှိနေခဲ့ကြောင်း၊ မာလိန်မှူး ကာယုက အခြားဝန်ထမ်းများကို သင်္ဘောပေါ်မှ ခုန်ချရန် ပြောဆိုခဲ့ကြောင်း၊ မိမိ၏ ခင်ပွန်းအား မြန်မာ့ရေတပ်က ဖမ်းဆီးသွားခြင်း ရှိ၊ မရှိကို အဆိုပါ မြန်မာဝန်ထမ်းက ပြောကြားနိုင်ခြင်း မရှိကြောင်း ပီယန်နန်က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment