Sunday, 22 September 2013

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ ခန့်မှ လူ ၃၀၀ ၀န်းကျင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ချီတက်လမ်းလျှောက်

Photo: အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ ခန့်မှ လူ ၃၀၀ ၀န်းကျင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ချီတက်လမ်းလျှောက်

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၀ ခန့်မှ လူ ၃၀၀ ၀န်းကျင်က "ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ"၊ "တစ်နိုင်ငံလုံး ပြန်လည်သင့်မြတ်"၊ "တစ်နိုင်ငံလုံး စစ်ပွဲရပ်" စသည်တို့ကို ကြွေးကြော်ကာ ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ခြင်းကို ရန်ကုန်မြို့၌ တရားဝင် ခွင့်ပြုမိန့်ဖြင့် မြို့နယ်ရှစ်ခုတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းကို မွန်းတည့် ၁၂ နာရီ ၀န်းကျင်တွင် မြို့တော်ခန်းမရှေ့မှ စတင်ကာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းပြီး ညနေသုံးနာရီ ၀န်းကျင်တွင် ပြည်သူ့ရင်ပြင်သို့ ရောက်ရှိကာ အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း ပြုလုပ်သည့် လမ်းတစ်လျှောက်တွင် ငြိမ်းချမ်းရေး လှုပ်ရှားသူများအား ပြည်သူများမှ သောက်ရေ၊ အအေးနှင့် အစားအစာများ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး နာရေးကူညီမှုအသင်း သုခကုသိုလ်ဖြစ် ဆေးခန်းမှ အရေးပေါ် လူနာတင်ယာဉ် တစ်စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းတွင် ပါဝင်ခဲ့သည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက "ကျွန်မတို့ဆီမှာ အခုထိ မငြိမ်းချမ်းသေးလို့ ဒီနေ့လမ်းပေါ် ရောက်နေရတာပေါ့။ စားပွဲပေါ်မှာပဲ ငြိမ်းချမ်းရေး စကားကို ပြောမနေဘဲ လက်တွေ့တကယ်ပဲ ငြိမ်းချမ်းအောင် နှစ်ဖက်စလုံးက အမှန်တကယ် ငြိမ်းချမ်းတဲ့လမ်းကို ဦးတည်ပြီးတော့ သွားနိုင်အောင် ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။ စစ်ပွဲတွေရပ်တာတစ်ခုတည်းကို ငြိမ်းချမ်းရေးလို့ မသတ်မှတ်ပါဘူး။ တရားမျှတမှ ငြိမ်းချမ်းမှု ရမှာပါ" ဟု ပြောကြားသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သတင်းစာဆရာကြီး ဖိုးသောကြာက "ကျွန်တော့်အသက် ၈၀ ကျော်ပြီ၊ ငြိမ်းချမ်းရေး ဆိုတာကို မမြင်ဖူးခဲ့ဘူး။ မသေခင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရတာ မြင်သွားချင်ပါသေးတယ်" ဟု ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် သိန်းထိုက်က "ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ သူတွေကို လုံခြုံရေး ရယူပေးဖို့ပါ။ ကျွန်တော်တို့ မြို့နယ်က အင်အား ၂၀ ကျော်အပြင် အခြားမြို့နယ် တွေကလည်း ပူးပေါင်းဆောင်ရွက် ကြပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင်လည်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေကလည်း ပူးပေါင်းဆောင်ရွက် ကြပါတယ်" ဟု ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေး လှုပ်ရှားမှု ပြုလုပ်ရန် ခွင့်ပြုမိန့်ကို စက်တင်ဘာ ၅ ရက်တွင် စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်တွင် ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း Generation Wave မှ ကိုမိုးသွေးက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အဖွဲ့အစည်း ၆၀ ၀န်းကျင်မှ ငြိမ်းချမ်းရေး လိုလားသူများ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ ပူးပေါင်းပြုလုပ် သွားမည်ဖြစ်သည့်အပြင် သွေးလှူဒါန်းခြင်း၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် အင်္ကျီအခမဲ့ ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပြခန်းများ၊ ကဗျာပြခန်းနှင့် ကဗျာရွတ်ဆိုပွဲများ၊ ကာတွန်းပြခန်းများ၊ ပန်းချီပြန်ခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းများနှင့် အကပဒေသာများ၊ မျက်လှည့်ပွဲများ၊ ငြိမ်းချမ်းရေး ဂီတတင်ဆက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

(စက်တင်ဘာ ၂၁ ရက်က ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 22-9-2013 
https://www.facebook.com/excellencemedia

Eleven Media Group

No comments:

Post a Comment