Friday, 20 September 2013

ဆီးရီးယားကို စစ်ရေးအရ အရေးယူနိုင်မည့် မည်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကိုမဆို ဆန့်ကျင်ကြောင်း ရုရှနှင့် ဆီးရီးယားပြော

AFP

အနောက်နိုင်ငံများက ရေးဆွဲကာ ဆီးရီးယားအား စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို ခွင့်ပြုမည့် မည်ကဲ့သို့သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းမျိုးကိုမဆို ဆန့်ကျင်သည်ဟု ဆီးရီးယားနှင့် ၎င်း၏ မဟာမိတ် ရုရှ နိုင်ငံတို့ကဆိုခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ကုလသမဂ္ဂ ဓာတုလက်နက်စစ်ဆေးရေး အရာရှိများသည် ဘက်လိုက်ခဲ့သည်ဟုလည်း ရုရှကဆိုခဲ့သည်။ ဆီးရီးယားအနေဖြင့် ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးအပ်ပါမည် ဆိုသည့် ကတိက၀တ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက၊ ဆီးရီးယားအပေါ် စစ်ရေးဖိအားပေးမှုကို ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သလို ကုလသမဂ္ဂကလည်း ရုရှ၏ စွပ်စွဲချက်ကို တုံ့ပြန်ဝေဖန်ခဲ့သည်။

သြဂုတ်လ ၂၁ ရက်က ဒမတ်စကတ်မြို့ အနီးတွင်ဖြစ်ပွားခဲ့သည့်၊ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် ဆာရင် (#sarin) အဆိပ်ဓာတ်ငွေ့အသုံးပြုတိုက်ခိုက်မှုမှာ သူပုန်များ၏ လက်ချက်ဖြစ်ကြောင်း အထောက်အထားသစ်ကို ဆီးရီးယားက ပေးပို့ထားသည်ဟု ရုရှက ပြောဆိုခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အစီရင်ခံစာကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ရုရှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei #Ryabkov ကို လက်ခံတွေ့ဆုံခဲ့သည့် ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ်အာဆတ် (#Bashar al-Assad) က ပြောကြားရာတွင် ဆီးရီးယားအစိုးရနှင့် သူပုန်များ လပေါင်း ၃၀ ကျော်ကြာအောင် တိုက်ခိုက်နေရသည့် စစ်ပွဲအတွင်းတွင် ရုရှကဆီးရီးယားအစိုးရကို တောက်လျှောက် ပံ့ပိုးကူညီပေးသည့်အတွက် ရုရှကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

“ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများနှင့် အနောက်နိုင်ငံများ၊ ဒေသတွင်းနှင့် အာရပ်ကမ္ဘာက ကျောထောက်နောက်ခံပေးထားသည့် အကြမ်းဖက်ဝါဒနှင့် ရင်ဆိုင်နေရသည့် ဆီးရီးယားဘက်မှ ရုရှက ရပ်တည် ကူညီပေးခဲ့သည့်အတွက် သမ္မတအာဆတ်က ရုရှအားကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်” ဟု ဆီးရီးယားအစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက ကြေညာခဲ့သည်။

ဆီးရီးယား၏ တခြားနေရာများတွင်လည်း ဓာတုလက်နက်များ အသုံးပြုမှုများ ရှိခဲ့သည်ဆိုသည့် တခြား စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေးအရာရှိများ ဆီးရီးယားသို့ ပြန်လည်သွားရောက်မည်ဆိုသည့်အကြောင်း ကုလသမဂ္ဂက အတည်ပြုခဲ့အပြီးတွင် ဆီးရီးယားသမ္မတ၏ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်ထဲတွင် ဆီးရီးယားတွင် ဖြစ်ပွားခဲ့ သည့် သြဂုတ်လ ၂၁ ရက် တိုက်ခိုက်မှုတွင် ဆာရင်ဓာတ်ငွေ့ အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်ဟု ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုခဲ့သော်လည်း ထိုကဲ့သို့ တိုက်ခိုက်မှုမှာ မည်သူများ၏ လက်ချက်ဖြစ်သည်ဆိုခြင်းနှင့် ပတ်သက်၍ ရုရှနှင့်အမေရိကန်အကြား သဘောထားကွဲလွဲ လျက်ရှိနေသည်။

ဆီးရီးယားရှိ ဓာတုလက်နက်များအား နိုင်ငံတကာ ထိန်းချုပ်မှုလက်အောက်သို့ အပ်နှံရေးကိစ္စကို အမေရိကန်နှင့် ရုရှတို့ သဘောတူညီခဲ့ကြသော်လည်း ဓာတ်ငွေ့အသုံးပြု တိုက်ခိုက်သူမှာ မည်သည့်ဘက်မှဖြစ်ကြောင်းနှင့် ပတ်သက်၍မူ အမြင်များ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။

Mizzima - News in Burmese

No comments:

Post a Comment