Sunday, 22 September 2013

နိုင်ငံခြားဘဏ်များ ယခုနှစ်ကုန် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၁

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို လာမည့် လွှတ်တော် သက်တမ်းတွင် အတည်ပြု ပြင်ဆင်ပြီးပါက ယခုနှစ်ကုန်တွင် နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

နိုင်ငံခြားဘဏ်များကို ပြည်တွင်းတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးရာတွင် အဆင့်သုံးဆင့်နှင့် ခွင့်ပြုသွားမည်ဖြစ်ပြီး ပထမအဆင့် ပြည်တွင်းဘဏ်နှင့် ဖက်စပ်လုပ်ငန်း၊ ဒုတိယအဆင့် ရာနှုန်းပြည့် နိုင်ငံခြားဘဏ် ရင်းနှီးမြှုပ်နှံခွင့်နှင့် တတိယအဆင့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးအလုံးစုံ လုပ်ကိုင်ခွင့်တို့ ခွင့်ပြုပေးသွားရန် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်က ပြောကြားထားသည်။

လတ်တလောတွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းတွင် ကိုယ်စားလှယ်ရုံးခွဲသာ ဖွင့်ခွင့်ပြုထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဆက်စပ်သော ဥပဒေများအရ နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် မပြုသေးပေ။

နိုင်ငံခြားဘဏ်များကို ဘဏ်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ လတ်တလော လုပ်ဆောင်ခွင့် မပြုသော်လည်း ပြည်တွင်း ဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်ရမည် ဆိုပါက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Standard Chartered ဘဏ်လုပ်ငန်းစုမှ အမှုဆောင် အရာရှိချုပ် Mr. Peter Sands က ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရန်ကုန် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်စဉ်က ဆိုထားသည်။

ယင်းသို့ နိုင်ငံခြားဘဏ်များကို ဖက်စပ်လုပ်ကိုင်ခွင့်ပြုရာတွင် နိုင်ငံသားနှင့် နိုင်ငံခြားသား ဘဏ်နှစ်ခု ပူးပေါင်း၍ ဘဏ်အသစ်တစ်ခု တည်ထောင်ခြင်းနှင့် ရှိပြီးသား နိုင်ငံသားဘဏ်၏ ရှယ်ယာကို ဝယ်ယူ၍ ဖက်စပ်လုပ်ကိုင်ခြင်း (Equity Partici- pation) ပုံစံနှစ်မျိုးရှိရာ မည်သည့်ပုံစံနှင့် ခွင့်ပြုမည်ကို မဆုံးဖြတ်ရသေးကြောင်း ဦးဆက်အောင်က ရှင်းပြသည်။
“ပထမပုံစံထက်စာရင် ဒုတိယပုံစံက ပိုကောင်းတယ်။ ပထမပုံစံ အတိုင်းဆိုရင် ဘဏ်အသစ်တွေ ထပ်ထွက်လာမယ်။ ကိုင်တွယ်ရခက်တယ်။ ဒုတိယပုံစံက ကျစ်ကျစ်လျစ်လျစ်နဲ့ အလုပ်လုပ်ရတာ ပိုကောင်းတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၄ ခုနှစ် ဇွန်လကတစ်ကြိမ် ပြင်ဆင်ထားသည်။
The Voice Weekly

No comments:

Post a Comment