Wednesday, 21 August 2013

ဘနာဇီယာဘူတို လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက် ပြစ်မှု သုံးမှုဖြင့် တရားစွဲခံရ

Photo: ဘနာဇီယာဘူတို လုပ်ကြံခံရမှုနှင့် ပတ်သက်၍	ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက် ပြစ်မှု သုံးမှုဖြင့် တရားစွဲခံရ 	

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၀

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်မူရှာရက်ကို လူသတ်မှု အပါအဝင် အမှု သုံးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ကို လူသတ်မှု၊ လူသတ်မှုတွင် ကြံရာပါ ပြစ်မှုနှင့် လူသတ်မှု ကျူးလွန်ရာတွင် အထောက်အပံ့ ပေးမှုများဖြင့် တရား စွဲဆိုထားကြောင်း အစိုးရ ရှေ့နေများက ပြောကြားသည်။

တရားခွင်သို့ ရောက်ရှိလာသော ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်က ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများနှင့် ပတ်သက်၍ လူသိ ရှင်ကြား မှတ်ချက်စကား ပြောကြားခြင်း မရှိသော်လည်း၊ တရားရုံးတွင် အဆိုပါ ပြစ်မှုများကို ငြင်းဆိုထားသည်။

ပါကစ္စတန် သမ္မတဟောင်း မူရှာရက်သည် ရာဝါပင်ဒီမြို့ရှိ တရားရုံးသို့ အခြားသော စွဲချက်တင်ခံ ထားရသူ ခြောက်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။

၎င်းနှင့်အတူ စွဲချက်တင်ခံရသူ ခြောက်ဦးမှာ စစ်သွေးကြွဟု သံသယရှိ ခံထားရသူ လေးဦးနှင့် ထိပ်တန်း ရဲအရာရှိ နှစ်ဦးတို့ ပါဝင်သည်။

အဆိုပါပြစ်မှု ကြားနာ စစ်ဆေးခြင်းကို သြဂုတ်လ ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်း ခဲ့သည်။

၁၉၉၉ ခုနှစ်က ပါကစ္စတန် ဝန်ကြီးချုပ်ဖြစ်သူ နာဝပ်ရှာရစ်ကို အာဏာသိမ်း၍ ရာထူးမှ ဖယ်ရှားခဲ့ပြီး နောက် နိုင်ငံကို ကိုးနှစ်ခန့် အုပ်ချုပ်ခဲ့သော ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ မူရှာရက်သည်  ၂၀၀၈ ခုနှစ် ပါကစ္စတန် ရွေးကောက်ပွဲ အပြီးတွင် လန်ဒန်သို့ု့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ သည်။

ထို့နောက် ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါကစ္စတန်သို့ ပြန်လာ ခဲ့သော်လည်း  ၎င်းအာဏာ ရှိစဉ် ၂၀၀၇ ခုနှစ်က တရားသူကြီးများကို ရာထူးမှ ဖယ်ရှားခဲ့မှု စသည့် ပြစ်မှုများဖြင့် တရားစွဲဆို ခံထားရပြီး နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည်။

ထို့ပြင် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို ရွေးကောက်ပွဲ မဲဆွယ်စဉ် လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိစ္စတွင် ပြစ်မှု သုံးမှုဖြင့် ယခု တရား စွဲဆိုခံထားရသည်။

The Voice Weekly

No comments:

Post a Comment