Tuesday, 27 August 2013

ဆီးရီးယား ဓာတုလက်နက် အသုံးပြုမှု ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် ဗြိတိန် သတိပေး

Photo: ဆီးရီးယား ဓာတုလက်နက် အသုံးပြုမှု ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန်နှင့် ဗြိတိန် သတိပေး

လန်ဒန်၊  သြဂုတ် ၂၅

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ အစိုးရများကို တုန်လှုပ်စေ ခဲ့သည့် ဆီးရီးယားနိုင်ငံ၏ ဖြစ်စဉ်တွင် အာဏာရှင်သမ္မတ ဘာရှား အာဆတ် အစိုးရ တပ်ဖွဲ့ဝင်များ ဘက်က ဓာတု အဆိပ်လက်နက် အသုံးပြုခဲ့ရိုး မှန်သည် ဆိုပါက ပြင်းထန်သည့် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံ တို့က သတိပေး ခြိမ်းခြောက်လိုက်ကြောင်း ဗြိတိန် မီဒီယာများ က ရေးသား ဖော်ပြသည်။ 

လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အတိုက်အခံ သူပုန်များက စွပ်စွဲ ပြောဆိုထားသော ဆီးရီးယား ဓာတု အဆိပ်လက်နက်ဖြင့် တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့သည် စနေနေ့က မိနစ် ၄၀ ကြာမျှ တယ်လီဖုန်း ဖြင့် ဆွေးနွေး ပြောဆိုကြသည်။ 

ထိုသို့ ပြောဆိုရာတွင် ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှုအတွက် တုံ့ပြန်မှု တစ်ရပ် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အချက်ကို ၎င်းတို့နှစ်ဦး သဘောတူညီခဲ့ကြသည်ဟု Guardian သတင်းစာက ရေးသား ဖော်ပြသည်။ 

ဗြိတိန် ဝန်ကြီးချုပ် ရုံးက တနင်္ဂနွေနေ့ တွင် ထုတ်ပြန်သော ကြေညာချက်၌ “နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးသည် ဆီးရီးယား အစိုးရက ဓာတု အဆိပ် လက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ ထင်ထင်ရှားရှားပင် ဖြစ်သည် ဟူသော အရိပ်လက္ခဏာများ ပိုမို များပြားလာခြင်းကြောင့် အလွန်အမင်းပင် စိုးရိမ် ပူပန်လျက် ရှိသည်” ဟု ဖော်ပြထားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆီးရီးယား အစိုးရက ဓာတုလက်နက် အသုံးပြုခြင်း မရှိကြောင်း ငြင်းဆိုပြီး အတိုက်အခံ သူပုန်များ ကို ပြစ်တင် ပြောဆိုသည်။ 

ဆီးရီးယားနိုင်ငံပိုင် ရုပ်သံ၏ စနေနေ့ နံနက်ပိုင်း သတင်း အစီအစဉ်တွင် ဆီးရီးယား တပ်ဖွဲ့ဝင်များ သည် ဒမတ်စကတ် အရှေ့ဘက် ဒေသရှိ လိုဏ်ခေါင်းများထဲတွင် သူပုန်များ အသုံးပြုသည့် ဓာတုပစ္စည်းများ တွေ့ရှိခဲ့ သည်ဟု ထုတ်လွှင့် တင်ဆက်ခဲ့သည်။ 

အဆိုပါရုပ်သံ ထုတ်လွှင့် တင်ဆက်မှုတွင် ဓာတ်ငွေ့ ကာကွယ်သည့် မျက်နှာဖုံးစွပ် ဝတ်ဆင်ထား သော ဆီးရီးယား စစ်သားများနှင့် ဓာတုပစ္စည်း များ ပါဝင်သည်ဟု ယူဆရသော ပလတ်စတစ်ပုံးများကို ပြသခဲ့သော်လည်း စစ်သားများ အဆိပ်ငွေ့သင့် ခံရသည့် သတင်းပေးပို့ချက် သို့မဟုတ် တရားဝင် ကြေညာချက်ကို ထုတ်လွှင့်ခြင်း မရှိခဲ့ဟု BBC သတင်းဌာန က ဖော်ပြသည်။ 

မြို့တော် ဒမတ်စကတ် အရှေ့ဘက်ရှိ ဆင်ခြေဖုံး ရပ်ကွက်တွင် အဆိပ်ငွေ့ ပါရှိသည့် ဓာတုလက်နက် အသုံးပြုကာ တိုက်ခိုက်မှု တစ်ရပ် သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့သည်ဟု အစပိုင်းတွင် သတင်း ထွက်ပေါ်ခဲ့သော်လည်း သြဂုတ်လ ၂၂ ရက်နေ့တွင်မူ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၃၀၀ ခန့် သေဆုံး ခဲ့ရသည်ဟု အတိုက်အခံများက စွပ်စွဲ ပြောဆိုခဲ့သည်။ 

အဆိုပါ စွပ်စွဲချက်များ၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ်ကို ဂရုတစိုက် လေ့လာသွားရန် လိုအပ်သလို ရှင်းရှင်းလင်းလင်း သိရှိရန်လည်း လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment