Saturday, 5 January 2013

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး




ha-26-12-7
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတစ်ဦးကို သယ်ဆောင်နေမှုအား ဆီးရီးယားအတိုက်အခံ Shaam သတင်းဌာနက ထုတ်ပြန်ပေးခဲ့ပုံ
ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့်ရောင်းနေသည်ကို တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ဗီဒီယိုပြကွက်များတွင် အပျက်အစီးပုံများနှင့်အတူ သွေးစွန်းနေသော အလောင်းများစွာတို့ လမ်းပေါ်၌ စုပုံနေသည်ကို တွေ့မြင်ရသည်။ အလောင်းများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာတို့ ပါဝင်သည်။ ဟောဖာယာမြို့ရှိ ပေါင်မုန့်ဆိုင်တစ်ခုအား ဆီးရီးယားစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်းရာနှင့်ချီလျက် ဒဏ်ရာရရှိခဲ့သည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယခုနှစ်ဆန်းက မုန့်ဆိုင်များအား တိုက်ခိုက်မှုတို့ကို အပြစ်တင်ခဲ့ဖူးပြီး ဆီးရီးယားစစ်တပ်သည် သူပုန်တို့၏ နေရာအတိအကျကို တွက်ချက်နိုင်ခြင်းမရှိဟု ဆိုသည်။
၂၁ လကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်အတွင်း လွန်ခဲ့သည့်သီတင်းပတ်ကမှ ဟောဖာယာမြို့ကို သူပုန်များက သိမ်းယူခဲ့ခြင်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ယင်းပေါင်မုန့်ဆိုင်၌ လူပေါင်း ၁,၀၀၀ ကျော် တန်းစီနေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် လောင်စာဆီနှင့် ဂျူံမုန့်ရှားပါးမှုကြောင့် ပေါင်မုန့်ထုတ်လုပ်ရေးမှာ အဟန့်အတားဖြစ်လျက်ရှိပြီး လူများသည် ပေါင်မုန့်ဝယ်ရန်အတွက် နာရီပေါင်းများစွာ တန်းစီရကြောင်း သိရသည်။
Ref: Daily Mail
EMG

No comments:

Post a Comment